Facebook အကောင့် အမွေ ပေးကြမလား

0
623

လူသုံးများလှသည့် လူမှုကွန်ရက်စာမျက်နှာ တစ်ခုဖြစ်သည့် Facebook က အသုံးပြုသူသေဆုံးပြီးနောက် မိမိသုံးခဲ့သည့် အကောင့်ကို တသက်တာ ပိတ်ပစ်ရန် ဆုံးဖြတ်နိုင်သည့် နည်းလမ်းကို မိတ်ဆက်လိုက်ပြီဖြစ်သည်။

legacy-contact_timeline

သို့တည်းမဟုတ် ဆန္ဒရှိပါက မိမိ၏ သူငယ်ချင်း (သို့) မိသားစုဝင် တစ်ဦးသီးအား မိမိသေဆုံးပြီးနောက် အကောင့်အား လက်လွှဲဆက်ခံနိုင်ခွင့် ပေးထားရန်လည်း ရွေးချယ်နိုင်သည်။

ယင်းနည်းလမ်း မပေါ်ထွက်မီ အချိန်ထိ အကောင့်ပိုင်ရှင် တစ်ဦးဦး သေဆုံးကြောင်း ဖေ့ဘွတ်ကို အကြောင်းကြားပါက ဖေ့ဘွတ်က ယင်းဖေ့ဘွတ်စာမျက်နှာကို အမှတ်တရ စာမျက်နှာအဖြစ် ပြောင်းလဲလိုက်ပြီး ယင်းစာမျက်နှာတွင် တခြား မည်သည့်အရာမှ ပြောင်းလဲ၍ မရပေ။ ယင်းကဲ့သို့ ဖေ့ဘွတ်က အမှတ်တရ စာမျက်နှာအဖြစ် အသိအမှတ်ပြုထားသည့် စာမျက်နှာဘေးတွင် ကြော်ငြာများ ပေါ်တော့မည်မဟုတ်ဘဲ သူငယ်ချင်းများအားလည်း သေဆုံးသူ၏ မွေးနေ့ကို ထပ်မံအကြောင်းမကြားတော့ပေ။

ဖေ့ဘွတ်မှ ယခု အသစ်မိတ်ဆက်လိုက်သည့် Legacy contact ခေါ် အမွေဆက်ခံသူ ထားနိုင်မည့် နည်းလမ်းအရ အကောင့်ပိုင်ရှင် သေဆုံးသွားသည့်အခါ ယင်းဆက်ခံသူက သေဆုံးသူ၏ အမှတ်တရ စာမျက်နှာပေါ်တွင် ပို့စ်တင်ခြင်း၊ သူငယ်ချင်းအသစ်များ လက်ခံခြင်း၊ Profile ပုံနှင့် Cover ပုံပြောင်းခြင်းများ လုပ်ဆောင်နိုင်မည်ဖြစ်သည်။

ဆက်ခံသူအနေဖြင့် သေဆုံးသွားသူ၏ ဓာတ်ပုံများ၊ ပို့စ်များနှင့် အချက်အလက်များကို သိမ်းဆည်းထားရန် ဒေါင်းလုတ်ပြုလုပ်ခွင့်ပေးရန် ရွေးချယ်ထားနိုင်သည်ဟုလည်း ဆိုသည်။ အခြား Setting များမှာ ယခင်အတိုင်းသာဖြစ်ပြီး သေဆုံးသွားသူ၏ အကောင့်သို့ ၀င်ရောက်နိုင်မည်မဟုတ်ဘဲ မက်ဆေ့များကိုလည်း မြင်နိုင်မည်မဟုတ်ဟု ဆိုသည်။

ဖေ့ဘွတ်က ကျန်ရစ်သူ မိသားစုဝင်များနှင့် ဆွေမျိုးများ၏ ပူဆွေးသောကကို ကူညီနိုင်ရန်နှင့် အကောင့်ပိုင်ရှင်အား မိမိသေဆုံးပြီး နောက်ပိုင်း အကောင့်နှင့် ပတ်သက်၍ စီမံနိုင်ရန် ယင်းနည်းလမ်းအသစ်ကို မိတ်ဆက်လိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

သို့သော် ယင်းဖေ့ဘွတ်လွှဲပြောင်းပေးနိုင်မည့် နည်းကို ကနဦးတွင် အမေရိကန်မှ ဖေ့ဘွတ် အသုံးပြုသူများသာ သုံးနိုင်ဦးမည်ဖြစ်ကာ အခြားနိုင်ငံများမှ ဖေ့ဘွတ်သုံးသူများအတွက် တိုးချဲ့ပေးသွားမည်ဟု ဆိုသည်။