မြိတ်ပုဂ္ဂလိက ကျောင်း တရုတ်သာသာ သင်ကြားရန် စီစဉ်

0
762

မြိတ်ခရိုင် မြိတ်မြို့နယ်ရှိ မြင်းမိုရ်ပုဂ္ဂလိကပညာသင်ကျောင်းမှ လာမည့်စာသင်နှစ်ဖြစ်သော ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင်
တရုတ် ဘာသာ အား ထပ်ဆောင်း ဘာသာအဖြစ် သင်ကြားသွားရန် စီစဉ်
ဆောင်ရွက်နေသည်ဟု ယင်းကျောင်းအုပ်ကြီးထံမှ သိရသည်။

မူကြိုတန်းမှ ဒုတိယတန်းအထိ ဘာသာစကား၏ အခြေခံအချက်များကို
သင်ကြားပေးသွားမည်ဖြစ်ကာ တတိယတန်း အရောက်တွင် ဆက်လက် သင်ကြားမည်ဆိုပါက
သီးခြားသင်ပေးရန် ရည်ရွယ်ထားကြောင်း ကျောင်းအုပ်ကြီး ဦးတင်မောင်ချို ကပြောသည်။

ရန်ကုန်အခြေစိုက် တရုတ်ဘာသာ အခမဲ့သင်ပေးနေသော အဖွဲ့နှင့် ချိတ်ဆက်မိပြီး
နောက်ပိုင်း တရုတ်ဘာသာကို သင်ကြားရန် ထိုသို့ စီစဉ်ရခြင်းဖြစ်ပြီး
မိဘ/အုပ်ထိန်းသူများ၏ သဘောတူဆန္ဒ ရာခိုင်နှုန်းများမည် ဆိုပါက
သင်ကြားပေး သွားမည်ဟု ကျောင်းအုပ်ကြီးကပြောသည်။

ယင်းအစီအစဉ်အတွက် မိဘ/အုပ်ထိန်းသူများ၏ သဘောဆန္ဒများကို တောင်းခံထားကြောင်း ကျောင်းသားမိဘများထံမှ သိရသည်။

တရုတ် ဘာသာစကားကို ထပ်ဆောင်းဘာသာရပ်အဖြစ် သင်ကြားမည်ဆိုပါက လက်ရှိ မူကြို၊
မူလတန်း ကျောင်းလခ တစ်လငွေ ငါးသောင်းကျပ်အပြင် ထပ်ဆောင်းငွေ ၅၀၀၀ ကျပ်
တိုးမြှင့် ကောက်ခံသွားမည် ဖြစ်သည်ဟု ယင်းကျောင်းမှ သိရသည်။

ဘာသာစကားတစ်ခုကို ငယ်စဉ်ကတည်းက အခြေခံကျကျသင်ကြားထားမည်ဆိုပါက
အတန်းကြီးလာပါက သင်ယူရန် လွယ်ကူသည့်အတွက်ကြောင့် သင်ကြားရန်
သဘောတူကြောင်း ယင်းကျောင်းသို့  အကြောင်းပြန်ထားကြောင်း မြိတ်မြို့၊
ကန်ခေါင်းရပ်ကွက်နေ မူလတန်း ကျောင်းသားတစ်ဦး၏ ဖခင်ဖြစ်သူကပြောသည်။

ထို့ပြင် မူလတန်းအထက်ဆင့်၊ အလယ်တန်းအဆင့်နှင့်
တရုတ်ဘာသာစကား သင်ကြားရန်ဆန္ဒရှိသော ပြင်ပ ကျောင်းသား ကျောင်းသူများအတွက်
တစ်လကိုငွေ ၅၀၀၀ ကျပ် နှုန်းဖြင့် သင်တန်းဖွင့်လှစ်
သင်ကြားပေးသွားမည်ဟု ယင်းကျောင်းမှ သိရသည်။

မြင်းမိုရ်ပုဂ္ဂလိက ပညာသင်ကျောင်းတွင် မူကြိုမှ
လေးတန်းအထိ ကျောင်းသားကျောင်းသူ ၄၇၆ ဦးကိုဆရာဆရာမ ၆၀ ဦးဖြင့်
ပညာသင်ကြားပေးနေသည်ဟု ယင်းကျောင်းမှ သိရသည်။

မြိတ်တွင် မြင်းမိုရ်နှင့် ကန်စွန်းအင်း ပုဂ္ဂလိက ကိုယ်ပိုင်အထက်ကျောင်း
နှစ်ကျောင်းရှိသည်။