မင်းကျောင်းရှိ ရှေးဟောင်းပစ္စည်းများ ထိန်းရန် အခက်တွေ့

0
835

တနင်္သာရီ တိုင်းဒေသကြီး မြိတ်မြို့နယ်၊ အလယ်ကျွန်း နယ်မြေရှိ သက်တမ်းနှစ် ၃၀၀ ခန့်ရှိ ရှေးဟောင်း မင်းကျောင်း ကျောင်းတိုက်တွင် များစွာသော ရှေးဟောင်း ပစ္စည်းများရှိသော်လည်း ထိန်းသိမ်းရန် အခက်တွေ့နေကြောင်း ကျောင်းထိုင် ဆရာတော် ဦးစန္ဒီမာက မိန့်ကြားသည်။

DSC_0079
ဓာတ်ပုံ – ဇော်ဇော်

ယင်းကျောင်းတိုက်တွင် နှစ်ငါးဆယ်ကျော်ရှိ ဗုဒ္ဓ၀င်ပန်ချီကားများ၊ နှစ်ရာချီသက်တမ်းရှိ ဗီရိုများ၊ ပျူးခေတ် လက်ရာအုပ်ချပ်များနှင့်  ရှေးဟောင်းပစ္စည်းများရှိပြီး ယခုကဲ့သို့ နိုင်ငံခြားသားများ အပါအ၀င် စိတ်ပါဝင်စားသူများ လာရောက်လေ့လာမှုများပြားချိန်တွင် ပြတိုက်ဖြင့် ထိန်းသိမ်းထားလိုသော်လည်း များစွာ အခက်တွေ့နေကြောင်း ဆရာတော်က မိန့်သည်။

“ကျောင်းမှာလည်း ၀တ္တုငွေက သိပ်မရှိတော့ ပြတိုက်မလုပ်နိုင်ပါဘူး။ ဦးဇင်းဖြစ်ချင်တာကတော့ အလှူရှင်တွေကပဲဖြစ်ဖြစ် သက်ဆိုင်ရာကပဲဖြစ်ဖြစ် လာရောက်ပြီး အများပြည်သူ လာရောက် လေ့လာနိုင်အောင် ပြတိုက်လေး လုပ်ပေးစေချင်ပါတယ်။ ဒါဆိုရင်ပစ္စည်းတွေ ပျောက်တာတွေ မရှိတော့ဘူး”ဟု ဦးဇင်း စန္ဒီမာက မိန့်ဆိုသည်။

DSC_0085

ပစ္စည်းများကို ဖြစ်သလို ဘုရားခန်းတွင် ထိန်းသိမ်းထားရသဖြင့် တဖြည်းဖြည်းပျောက်ဆုံးကုန်ကြောင်း ဦးစန္ဒီမာက မိန့်ကြားသည်။

“အချို့ဆိုရင် တန်ဖိုးမဖြတ်နိုင်တဲ့ ပစ္စည်းတွေလည်းရှိတယ်။ အဲဒါတွေလည်း အရင်းက ဆရာတော်တွေ ထိန်းသိမ်းမှု အားနည်းလို့လား တကာတွေကပဲ လာယူကုန်တာလားတော့ မသိဘူး။ အခုဆိုရင် ပစ္စည်းတွေ တဖြည်းဖြည်းပျောက်ကုန်ပြီ”ဟု ၎င်းက မိန့်ကြားသည်။

မင်းကျောင်း ကျောင်းတိုက်တွင် နှီးဖြင့် ရက်လုပ်ထားသည့် ရှေးဟောင်း ဘုရားဆင်းထုတော်များ၊ နှစ်ပေါင်း ငါးဆယ်ကျော်ရှိ ငရဲပြည် ရှစ်ထပ် ဗုဒ္ဓ၀င် ပန်ချီကားများ၊ ပဲ့တောင် တမင်းဘုရင်လက်ထက်က
နေထိုင်ခဲ့သည့် အိမ် ယခု ရှေးဟောင်း ကျောင်းဆောင်ကြီး၊ ပျူခေတ်လက်ရာ အုပ်ချပ်ပြားများ၊ နှစ် ၃၀၀ သက်တမ်းရှိ ဗီဒိုများနှင့် မှန်တင်စင်၊ စာအုပ်ဗီရိုများ၊ ကြေးလင်ဗန်းများ၊ ကွမ်းအုပ်နှင့် ဆွမ်းအုပ်များ၊ ရွှေရည်အစစ် သုတ်လိမ်းသည့် ကျောင်းဆောင်တိုင်လုံးများ၊ ယွန်းထည်ပစ္စည်းများ၊
မြေအိုနှင့် ကြွေထည်ပစ္စည်းများ အပါအ၀င် အခြားသော ရုပ်ထုများရှိကြောင်း သိရသည်။

DSC_0092