ဆယ်စုနှစ်နီးပါး တိမ်ကောနေသည့် မြိတ်ရိုးရာကျားအက ဗိုလ်ချုပ်နှစ် ၁၀၀ ပြည့်တွင် ပြန်လည်ကပြ

0
867

ရန်ပုံငွေ အခက်အခဲကြောင့် ဆယ်စုနှစ်နီးပါး မကဖြစ်သည့် မြိတ်ရိုးရာ ကျားအကကို ဗိုလ်ချုပ်အောင်ဆန်း   နှစ်၁၀၀ ပြည့် အထိမ်းအမှတ်နေ့ တွင် ပြန်လည် ကပြလာကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။

20150213_102910
ဓာတ်ပုံ – ဇော်ဇော်

အဆိုပါကျားအကကို နှစ်စဉ်တပေါင်းလတွင် ကပြလေ့ရှီပြီး ရန်ပုံငွေအခက်အခဲကြောင့် လွန်ခဲ့သည့် ၈ နှစ်မှစ၍ ကပြဖျော်ဖြေခြင်းကို ရပ်နားခဲ့ရသည်။

“ဒီနေ့က ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ဆိုတော့ ထူးထူးခြားခြားလည်း ဖြစ်သွားအောင် အသက် ၁၀၀မှာ တစ်ခါသာ ကြုံခဲ့တဲ့ ဒီနေ့မှာ ဆယ်စုနှစ်နီးပါးပျောက်ကွယ် နေတဲ့ မြိတ် ရိုးရာကျားအကကိုလည်း
ပြန်ဖော်ထုတ်တဲ့ သဘောလည်း ဖြစ်အောင် ရည်ရွယ်ပြီး တင်ဆက်တာပါ” ဟုပွဲ စီစဉ်သူ မြတ်ကိုက ပြောသည်။

မြိတ် ရိုးရာကျားအကသည် ယခင်က တနင်္သာရီတိုင်း မြိတ်မြို့သို့ မလေးရှား ကုန်သည်များ ကုန်စည် ကူးသန်းရောင်းဝယ်ရန် လာရောက်ရင်း ၎င်းတို့ထံမှ ကျန်ခဲ့သော ကျားအက တစ်မျိုးဖြစ်ကြောင်း ကျားအက အဖွဲ့ခေါင်းဆောင် ဦးထွန်းဦးက ရှင်းပြသည်။

အဆိုပါ ကျားအကသည် နှစ်ပေါင်းကြာလာပြီးနောက် ဒေသတွင်း ရိုးရာကျားအက တစ်ခု ဖြစ်လာခဲ့ပြီး
မြိတ်မြို့အပြင် ပုလောမြို့နယ်နှင့် တနင်္သာရီမြို့နယ်များသို့ ဆက်လက်ပြန့်နှံ့ခဲ့သည်ဟု ၎င်းကရှင်းပြသည်။

“ မြိတ် ရိုးရာကျားအကဆိုတာ အခုမှ သိရတာပါ။ အရင်ကတော့ ဒေသအခေါ်(ကုလားကျား)လို့ပဲသိရတယ်။ မတွေ့ရတာလည်း လေးငါးရှစ်နှစ်ခန့်ရှိနေပြီး အခုမှ ပြန်တွေ့ရတာပါ” ဟု ကျားအကကို မြိတ်မြို့နယ်    ထားဝယ်စုရပ်ကွက်တွင် ကပြစဉ် ကြည့်ရှုသူ အသက် ၅၀ကျော်ရှိ အမျိုးသမီးတစ်ဦးက ပြောသည်။

မြိတ် ရိုးရာကျားအကအား ဒေသတွင်း ခရီးသွားလုပ်ငန်းတွင် ရိုးရာအက တစ်ခုအဖြစ် ထည့်သွင်းနိုင်ရန် ပြင်ဆင်လျက်ရှိပြီ နိုင်ငံခြားသားများ လာရောက် လေ့လာနိုင်ရန်အတွက် ရည်ရွယ်၍ တင်သွင်းသွားမည်ဟု ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဒေါ်ရှင်ဌေးက ပြောသည်။

ယင်း ကျားအကတွင် ကျား ၅ ကောင်၊ ကျားမြီးဆွဲခေါ် ကျားထိန်း ၅ ဦး၊ မုဆိုး တစ်ဦး၊ ဗုံးတီးသမားများနှင့်   လောဘန်ကိုင် သမားတစ်ဦး တို့ပါဝင်ပြီး ပြင်ဆင်ခနှင့် ကားခများအပါအ၀င် ကျားအကကရန် ကျပ် နှစ်သိန်းခွဲ ၀န်းကျင် ကုန်ကျသည်ဟု ကျားအကအဖွဲ့များထံမှ သိရသည်။

ကျားအကအဖွဲ့မှ  ရရှိသည့် အလှူငွေနှင့် ဆန်အိတ်များကို မြိတ်မြို့ပေါ်ရှိ သီလရှင်ကျောင်းများကို လှူဒါန်းသွားမည် ဖြစ်ကြောင်း ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့် ပွဲစီစဉ်သူများထံမှ သိရသည်။