ရေဆန်လမ်းမှာ အလွမ်းတွေဝေ

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

အတီးမန်းရှာရေ အတီးက အတီးရဲ့ ယုံကြည်ချက်တွေ အတီးရဲ့ အချစ်တွေကို ကျမတို့  ကရင်အမျိုးသားထုအတွက်သာမက တိုင်းရင်းသားလူမျိုးပေါင်းစုံကိုပါ ဝေငှထားခဲ့ပြီး ဟောဒီ ကမ္ဘာ ကြီးထဲကနေ သူရဲကောင်းပီသစွာနဲ့ ထွက်ခွာသွားခဲ့ပေမယ့် ကျမတို့ ကတော့ အတီးရဲ့ အကြောင်းတွေကို သတိတရနဲ့  မမောနိုင်မပမ်းနိုင် ပြောကြရဦးမှာပါ၊ အတီးသွေးနဲ့ ခင်းခဲ့တဲ့၊ အတီးယုံကြည်မျှော်လင့်တဲ့ ခရီးဆုံးပန်းတိုင်ဆီကို ဆက်လက် ချီတက်ရဦးမှာပါ။

10550976_1544773249118530_1143168014500058420_n

အတီးကျဆုံးခဲ့တဲ့ ညက ကော်သူးလေကောင်းကင်ယံမှာ ကြယ်ကြီးတလုံး လင်းလက်ခဲ့တယ် အတီးရေ၊ အဲဒီကြယ်ကြီးကို မြစ်ဝကျွန်းပေါ်ကပဲကြည့်ကြည့်၊ ပဲခူးရိုးမပေါ်ကပဲ ကြည့်ကြည့်၊ ဒေါနတောင်စဉ် တောင်တန်းပေါ်က ကြည့်ကြည့်၊ သံလွင် သောင်းရင်းနဲ့  ယွန်စလင်းကမ်းနံဘေးကပဲ ကြည့်ကြည့်။ ရွန်းမြလင်းလက်နေတာကို တွေ့ ရတယ်၊ အဲဒီကြယ်ကြီးရဲ့  လင်းလက်မှုမှာ တည်ကြည်တဲ့ သစ္စာ တရားတွေ။ မြင့်မြတ်မှု၊ စွန့် လွှတ်မှု၊ အနစ်နာခံမှု၊ ငြိမ်းချမ်းမှုတွေပါတယ်၊ တကယ်တော့ အဲဒီကြယ်ကြီးဟာ ကျမတို့ အားလုံးကို ခွန်အားများစွာပေးခဲ့တဲ့ ပဒိုမန်းရှာလားဖန်းဆိုတဲ့ ကြယ်ကြီးပါပဲ အတီးရယ်။

ပဒိုမန်းရှာလားဖန်းဆိုတဲ့ အတီးကို တော်လှန်ရေးခရီးတကွေ့ မှာ စပြီးတွေ့ ခဲ့ရပေမယ့်လို့  တော်လှန်ရေးအပေါ်ထားတဲ့ အတီးရဲ့ ယုံကြည်ချက်တွေနဲ့  အတီးရဲ့ သစ္စာတရားတွေကတော့ ကျမဘ၀ သက်ဆုံးတိုင်အောင် သတိတရ ရှိနေဦးတော့မှာပါ၊ အတီးဟာ ကျမဆုံဖူး တွေ့ ဖူးတဲ့ ကရင်အမျိုးသားခေါင်းဆောင်တွေထဲမှာ ထူးခြားတဲ့ ခေါင်းဆောင်တဦးပါ၊ ကျမအတွက်တော့ အတီးဟာ ခေါင်းဆောင်တဦးဖြစ် ရုံမက ဖခင်ဆိုလည်းဟုတ်၊ ဆရာသမားဆိုလည်းဟုတ်၊ ရဲဘော်ရဲဘက်လည်းဟုတ်၊ ရေးဖော်ရေးဖက်ဆိုလည်း ဟုတ်ခဲ့တယ်။

တော်လှန်ရေးရဲ့  ဗဟိုဌာနချုပ်ကြီးတခုဖြစ်တဲ့ မာနယ်ပလော သောင်းရင်းမြစ်ကမ်းနံဘေးက ဥယျာဉ်ခြံတခုထဲမှာ အတီးကို ကျမ စပြီးတွေ့ ခဲ့ရတာပါ၊ ကရင်ပုဆိုးအဟောင်းတထည်ကို ခပ်တိုတိုဝတ်ပြီး ဓားမကြီးတချောင်းနဲ့  ပေါင်းမြက်တွေရှင်းနေတဲ့ အတီးကို တွေ့ လိုက်ရတုန်းက ကျမယုံတောင် မယုံခဲ့ဘူး၊ အဲဒီကတည်းက ငါတို့ ခေါင်းဆောင်ကြီးဟာ ရိုးသားလိုက်တာ။ နှိမ့်ချလိုက်တာ။ တော်လှန်ရေးသမားပီသ လိုက်တာဆိုပြီး ကျမ လေးစားဂုဏ်ယူခဲ့ရတာပါ။

အဲဒီနောက်တော့ မာနယ်ပလော သောင်းရင်းမြစ်ကမ်းနံဘေးက အတီးတို့ ရဲ့ အိမ်လေးကို ကျမတို့  မကြာခဏရောက်ခဲ့တယ်။ အတီးနဲ့ မူဂါး စိုက်ပျိုးထားတဲ့ အသီးအနှံမျိုးစုံကို ကျမတို့ စားသုံးခဲ့တယ်။ အတီးတို့  ရဲ့  တော်လှန်ရေးဖြတ်သန်းမှု။ စွန့် လွှတ်အနစ်နာခံမှု။ ကရင်တော်လှန်ရေး သမိုင်းအစ။ အလှည့်အပြောင်း။ အချိုးအကွေ့  အတက်အဆင်းတွေကို ကျမတို့  သင်အံလေ့လာခဲ့ရတယ်၊ “တော်လှန်ရေး သမားကောင်းတွေဟာ အရာရာကို ပေးဆပ်ရဲကြတယ်၊ စိတ်နေစိတ်ထား နှိမ့်ချတယ်။ လိုအပ်ရင် သူတို့  အသက်ကိုတောင်ပေးကြဖို့  ၀န်မလေးကြဘူး။ ကရင်တော်လှန်ရေးထဲမှာ ဒီလိုပေးဆပ်သွားတဲ့ ခေါင်းဆောင်တွေ ရဲဘော်တွေ အများကြီးရှိတယ်”လို့  အတီးပြောခဲ့တယ်နော်၊
အတီးပြောခဲ့တဲ့ စကားအတိုင်းပဲ အတီးကိုယ်တိုင်ကျမတို့ ကို လက်တွေ့ လုပ်ဆောင်ပြသခဲ့တယ်နော်။

မယ်သရောထာ တိုင်းရင်းသားနှီးနှောဖလှယ်ပွဲကြီး ကျင်းပပြီးတဲ့နောက် ကေအဲန်ယူ တပ်မဟာ(၆)ဒေသကို န၀တက အင်အားအလုံးအရင်းနဲ့  ထိုးစစ်ဆင်တော့ တပ်မဟာ(၆) အခြေခံဒေသက ပြည်သူတွေဟာ ထိုင်း-မြန်မာနယ်စပ်ကို ကမ္ဘာပျက်သလို ထွက်ပြေးလာကြတယ်၊ ကလေးသူငယ်တွေ၊ သားသည်မိခင်တွေ မသန်စွမ်းတဲ့သူတွေ။ သက်ကြီးရွယ်အိုတွေဟာ ဘယ်သူ့ ဘယ်သူမှ မကူနိုင်မကယ်နိုင်ဘဲ ပြေးလွှားနေရတဲ့အချိန်မှာ ပလိုင်းရှည်ကြီးတလုံးကို ကျောမှာပိုး။ နို့ စို့ ကလေးတဦးကို ရင်ဘတ်မှာလွယ်ပြီး ကျန်ကလေးငယ် နှစ်ယောက်ကို ဘယ်ညာဆွဲကာ လူတန်းရှည်ကြီးနောက်ကို အမှီလိုက်နေတဲ့ သားသည်မိခင်တဦးအနားကို အတီးအပြေးရောက်သွားခဲ့တယ်၊ အတီးက အဲဒီအမျိုးသမီးရဲ့  ပုလိုင်းရှည်ကြီးကို ယူပြီး ကျောမှာပိုး၊ ကလေးတယောက်ကို ပွေ့ ချီပြီးတော့ ဒုက္ခသည်တွေစုဝေးရာ သက်ကယ်တောအထိ အရောက်ပို့ ပေးခဲ့တယ်၊ ပုလိုင်းရှည်ကြီးကိုလွယ်ပိုးပြီး ဖုန်ထူထူထဲမှာ ဒုက္ခသည်တွေနဲ့ အတူ လိုက်ပါသွားတဲ့ အတီးရဲ့ ပုံရိပ်ကို ကျမရဲ့  အမြင်အာရုံထဲမှာ ဒီနေ့ အထိ မြင်ယောင်နေဆဲပါ အတီးရယ်။

အတီးနဲ့  သိကျွမ်းးရင်းနှီးခဲ့ပြီးတဲ့ နောက်ပိုင်းမှာတော့ အတီးအကြောင်းကို ပိုပြီးတော့သိလာခဲ့ရသလို ပိုပြီးတော့လည်း လေးစားလာခဲ့ရပါတယ်၊ ကရင့်တော်လှန်ရေးနေရာဒေသတွေ ဘယ်လိုပဲပြောင်းပြောင်း။ ရာထူးတာဝန်တွေ ဘယ်လိုပဲပြောင်းပြောင်း အတီးရဲ့  ရိုးသားမှု။ နှိမ့်ချမှု။ မာန်မာနကင်းမှု။ အနေအထိုင်။ အစားအသောက်။ အသုံးအဆောင်။ အ၀တ်အထည်အပေါ်မှာ ချို့ ခြံချွေတာမှုတွေကတော့ မပြောင်းမလဲပဲ ရှိနေခဲ့တယ်၊

ကေအဲန်ယူ အထွေထွေအတွင်းရေးမှူး ပဒိုမန်းရှာလားဖန်းဆိုတဲ့ အတီးမှာရှိတဲ့ အ၀တ်အစားတွေကို ရေတွက်ကြည့်ရင် လက် ၁၀ ချောင်းတောင် မပြည့်ပါဘူး၊ ခေါက်ဆွဲကို သိပ်ကြိုက်တဲ့အတီးဟာ ဈေးချိုတဲ့ ၃ ဘတ်တန် ခေါက်ဆွဲခြောက်ထုတ်ကိုတောင်မှ တရက်ခြား။ နှစ်ရက်ခြားလောက်မှ တခါစားခဲ့တယ်၊ တကယ်ဆို ဒီထက်မကဈေုးကြီးတဲ့ ခေါက်ဆွဲထုတ်ကို နေ့ တိုင်းလိုလို အတီးစားနိုင်ပါတယ်၊ ဒါပေမယ့် အတီးက မစားခဲ့ဘူး၊ အတီးရင်ထဲမှာ ထမင်းငတ်နေ။ ဆန်ပြုတ်သောက်နေရတဲ့ ပြည်သူလူထုတွေ၊ ၀ဥ။ ကြွေးဥနဲ့  မျှစ်တွေကိုသာ စားနေရတဲ့ ကရင်ပြည်တွင်းဒုက္ခသည်တွေရှိနေခဲ့တယ် မဟုတ်လား။

အခြေအနေအရ မဲဆောက်မြို့ မှာ တိုက်နဲ့ ကားနဲ့ နေရပေမယ့် အတီးတနေ့ မှ မပျော်ဘူးဆိုတာ ကျမသိတယ်၊ “ကျနော် ဒီတိုက် အိမ်ကြီးပေါ်မှာ မနေချင်ဘူး၊ ကားတွေလည်း ကျနော်မစီးချင်ဘူး၊ ဇိမ်ခံရတဲ့ ပစ္စည်း တွေကိုလည်း ကျနော်မလိုချင်ဘူး၊ ကျနော်တို့ က တိုက်ကြီးပေါ်မှာနေရပေမယ့် ကျနော်တို့  လူမျိုးတွေ ဆင်းရဲဒုက္ခရောက်နေတာ အများကြီးပဲ၊ ဒါကြောင့် ဒီလိုနေရတာကို ကျနော်မနေချင်ဘူး”လို့  အတီး မကြာခဏပြောလေ့ရှိတယ်၊ တော်လှန်ရေးသမားဘ၀ဖြစ်ရတာကို ဂုဏ်ယူကြေနပ်တဲ့အတီးဟာ တော်လှန်ရေးနယ်မြေမှာပဲ လှုပ်ရှားသွားလာချင်သူပါ၊ ဒါကြောင့်လည်း ကေအဲန်ယူ တပ်မဟာ(၇)နယ်မြေထဲက အတီးရဲ့ စခန်းလေးကို အမြဲလိုလိုသွားတယ်၊ အတီးကိုယ်တိုင် ဦးဆောင်ပြီးတော့ တဲတွေဆောက်။ သင်တန်းခန်းမတွေဆောက်ခဲ့တယ်၊ သီးပင်စားပင်တွေ။ သစ်ပင်ပန်းမာန်တွေစိုက်ပျိုးပြီး ကိုယ်တိုင်လည်း ရေလောင်းပေါင်းသင် လုပ်ခဲ့တယ်။

ဒုက္ခသည်စခန်းတွေကိုလည်း အတီးရောက်တာပါပဲ၊ အတီးနဲ့ အတူ ဒုက္ခသည်စခန်းတခုကို သွားခဲ့တုန်းက ဖိနပ်မပါ ခြေဗလာနဲ့  ပြေးလွှားကစားနေတဲ့ ကလေးတွေကိုမြင်တော့ အတီးက အတီးရဲ့ ငယ်ဘ၀ကို သတိတရနဲ့  ပြန်ပြောပြတယ်။

“ကျနော်တို့  ငယ်ငယ်က မိဘတွေက အရမ်းချို့ တဲ့တာ၊ ကျနော် ငယ်ငယ်လေးထဲကနေ အသက် ၁၂ နှစ်အရွယ်အထိ အမေက ကျနော့်ကို ဖိနပ်တခါ မ၀ယ်ပေးဖူးဘူး၊ ကျနော် တို့  ရွာက ကလေးတွေမှာလည်း ဖိနပ်မရှိကြဘူး၊ ကျနော်ဆို အသက် ၁၂ နှစ်အရွယ်အထိ ခြေဗလာနဲ့ ပဲ ကျောင်းတက်ခဲ့ရတာ”၊

ဒါကြောင့်လည်း အတီးဟာ ဖိနပ်ဟောင်းတွေဆို မပစ်ရက်ဘူး၊ ဟောင်းလို့  ပစ်ထားခဲ့တဲ့ သားသမီးတွေရဲ့  ဖိနပ်တွေကို အတီးကိုယ်တိုင် ပြုပြင်ချုပ်လုပ် ပြီးတော့ ပြန်စီးခဲ့တယ်၊ အတီးအတွက် ဒီလို ချို့  ခြံချွေတာပေမယ့် ရှေ့ တန်းက ရဲဘော်တွေ၊ ခြေ။ လက်။ မျက်စိ စွန့် လွှတ်ပေးဆပ်လိုက်ရတဲ့ ရဲဘော်တွေ။ ကျန်းမာရေးချို့ တဲ့ လုပ်ဖော်ကိုင်ဖက်တွေအတွက်တော့ အတီးဘယ်တော့မှ လက်မနှေးခဲ့ဘူး၊

အတီးက အမျိုးသားရေး။ နိုင်ငံရေးကို စိတ်ဝင်စားတဲ့ ကျောင်းသားလူငယ်တွေနဲ့  အမျိုးသမီးတွေအပေါ်မှာလည်း အားပေးခဲ့။ မျှော်လင့်ခဲ့။ ယုံကြည်အားထားခဲ့တဲ့ ခေါင်းဆောင်တဦးပါ၊ မိခင်အဖွဲ့  အစည်းရဲ့  လုပ်ငန်းတာဝန်တွေ။ တပ်ပေါင်းစုတာဝန်တွေကို အချိန်ပြည့်နီးပါး ထမ်းဆောင်နေရပေမယ့် လူငယ်တွေ။ အမျိုးသမီးတွေဖိတ်ကြားတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ။ စကားဝိုင်းတွေကိုလည်း မပျက်မကွက် တက် ရောက်ပြီးတော့ အားပေးစကားတွေပြောခဲ့။ နိုင်ငံရေးတရားတွေ ဟောခဲ့သူပါ၊ လူကြီးလူငယ်မခွဲ။ လူမျိုးဘာသာမခွဲ။ ရာထူးအဆင့် အတန်း မခွဲ။ အတွေးအခေါ် အယူအဆမခွဲပဲ လူတိုင်းကို တန်းတူရည်တူတန်ဖိုးထားပြီး တလေးတစားရှိတဲ့ အတီးကို ကျမတို့  ဘယ်လိုမေ့ပျောက်လို့  ရနိုင်မှာလဲ၊

ကျမအတွက်ကတော့ အတီးရဲ့  စာတွေ ကဗျာတွေအပေါ် ချစ်တဲ့စိတ်။ သစ်ပင်ပန်းမန်တွေအပေါ်မှာ မြတ်နိုးတွယ်တာစိတ်က အများနဲ့ မတူတဲ့ ထူးထူးခြားခြား အမှတ်ရစရာတွေပါ၊ ကျမရေးတဲ့ စာတွေ ကဗျာတွေကို ဘယ်သူမှ သတိမထားမိသေးတဲ့ အချိန်ကတည်းက အတီးက ကျမကို အားပေးခဲ့တယ်၊ နောက်ပိုင်း စာတွေအရေးစိပ်လာတဲ့အခါမှာလည်း ကျမရဲ့  စာတွေ ကျမရဲ့  ကဗျာတွေကိုဖတ်ပြီး တလေးတစားနဲ့  ချီးကျူးခဲ့တယ်။

“ခိုင်မာရေ ခင်ဗျားရေးတဲ့ စာတွေ ကဗျာတွေ တော်တော်ကောင်းတယ်။ ကျနော်တို့ ကရင်ထဲမှာ ဒီလို စာတွေ ကဗျာတွေရေးတဲ့လူက သိပ်ရှားတယ်၊ တကယ်ဆို ကျနော်တို့  လူမျိုးတွေရဲ့  အကြောင်းအရာ အဖြစ်အပျက် အခြေအနေတွေကို ရေးမယ်ဆို ရေးစရာတွေ အများကြီးပဲ၊ ရေးပါဗျာ။ ကျနော်တော့ အားပေးတယ်”၊ ကျမကို ဒီလိုအားပေးခဲ့သလို တရင်းတနှီးနဲ့ လည်း နောက်ပြောင်ခဲ့ဘူးတယ်။

“ကျနော်က စာရေးဆရာမ ကဗျာဆရာကို ချွေးမသိပ်တော်ချင်တာ၊ ကျနော် တော်ချင်တဲ့ ချွေးမကလည်း ကျနော့် သားကို မကြိုက်။ ကျနော့်သားကလည်း ကျနော်တော်ချင်တဲ့ ချွေးးမကို မကြိုက်”လို့  ပြောပြီး ရယ်မောနေတဲ့ အတီးမျက်နှာကို ကျမ မြင်ယောင်နေသေးတယ်၊

တက္ကသိုလ်ကျောင်းသားဘ၀ထဲက စာပေတွေကို လေ့လာလိုက်စားပြီး ကလောင်စသွေးခဲ့တဲ့အတီးဟာ ရေဆန်၊ မန်းရှာ၊ မန်းရှာလားဖန်း၊ နန့် ဇိုယာဖန်း၊ လေ့လာသူတဦး၊ တိုက်ပွဲဝင်ရဲဘော်တဦးဆိုတဲ့ ကလောင်အမည်တွေနဲ့ ကဗျာတွေ အတွေးအခေါ်နဲ့  တော်လှန်ရေး ဆောင်းပါးတွေကို ကေအဲန်ယူကထုတ်တဲ့ သနူးထူးဂျာနယ်၊ ထောမဲပါဂျာနယ်၊ တော်လှန်ရေးနယ်မြေထုတ် မဒတ ဂျာနယ်နဲ့  အခြားသတင်းစာ၊ ဂျာနယ်တွေမှာ အမြဲလိုလို စာတွေရေးခဲ့တယ်၊ စာတွေ ကဗျာတွေကိုချစ် စာတွေ ကဗျာတွေကိုကိုယ်တိုင်လည်း သီကုံးရေးဖွဲ့ တဲ့ အတီးဟာ ကဗျာဆရာ၊ စာရေးဆရာ၊ ပန်းချီ၊ ကာတွန်းစတဲ့ စာပေရေးရာ ပုဂိုလ်ကြီးငယ်အားလုံးကိုလည်း တန်ဖိုးထားလေးစားသူပါ၊

မာနယ်ပလောကျပြီးနောက် သနူးထူးဂျာနယ်ထုတ်ဝေရေးကို အတီးကိုယ်တိုင် တာဝန်ယူဆောင်ရွက်ရတဲ့ အချိန်မှာတော့ ဂျာနယ်ထုတ်ဝေရေးအတွက် ကျမကို အမြဲလိုလို တိုင်ပင်ဆွေးနွေးခဲ့။ အတီးကိုယ်တိုင်လည်း တော်လှန်ရေးနယ်မြေရောက် စာရေးဆရာ။ ကဗျာ ဆရာတွေဆီမှာ တလေးတစားနဲ့  စာမူတွေတောင်းခဲ့။ ကျမကိုလည်း ကဗျာတွေစာတွေရေးဖို့  တိုက်တွန်းနှိုးဆော်ခဲ့၊ ကိုယ်တိုင်လည်း ကလောင်အမည်မျိုးမျိုးနဲ့  တကုန်းကုန်းနဲ့  ရေးခဲ့တာတွေဟာ ကျမ မျက်ဝန်းထဲမှာ တရစ်ဝဲ၀ဲပါ၊ ကျမ ဘယ်လိုမှ မေ့လို့ မရနိုင်တာက ဂျာ နယ်အတွက် ကွန်ပြူတာရှေ့ မှာ ကျမတို့ စာစီ။ စာရိုက်။ ဒီဇိုင်းတွေ ပြင်ဆင်ချိန်မှာ အတီးက နောက်ဖေး မီးဖိုချောင်ထဲမှာ ငရုပ်သီးစိမ်းတွေ ထောင်း။ ဟင်းရွက်စုံတာလပေါ့ဟင်းကို ကျကျနနချက်ပြီး ကျမတို့ ကို ကျွေးခဲ့၊ ကျမတို့ စားခဲ့တဲ့ ပန်းကန်တွေကိုလည်း အားလုံးသိမ်းကျုံးပြီး ဆေးကြောပေးခဲ့တာတွေပါ၊

အတီးက တပည့်၊ ရဲဘော်တွေအပေါ်မှာ နားလည်မှု။ ကြင်နာမှုရှိရုံမက သားသမီးနဲ့  ဇနီးသည်အပေါ်မှာလည်း ကြင်နာမှု အပြည့် ရှိသူပါ၊ မူးဂါးနမ့်ကျင်ရွှေ အိပ်ယာထဲ ဘုန်းဘုန်းလဲတော့ အလုပ်တာဝန်တွေကြားက နေ့  မအိပ် ညမအိပ်ပြုစုခဲ့တာတွေ၊ မူးဂါးရဲ့  အကျီင်္တွေ။ ထမီတွေကို ကိုယ်တိုင်လျှော်ဖွတ်ပေးခဲ့တာတွေ၊ အရိုးစုလိုဖြစ်နေတဲ့ မူးဂါးခန္တာကိုယ်လေးကို ကြင်ကြင်နာနာထူမတ်ပြီး ဆန်ပြုတ်ပူပူလေးကို တယုတယနဲ့  တိုက်ကြွေးခဲ့တာတွေကို ကျမ ဘယ်လို မေ့လို့ ရမှာလဲ၊ အတီးရဲ့  ငယ်ပေါင်းကြီးဖက်လည်းဖြစ်။ ရဲဘော်ရဲဘက်လည်းဖြစ်။ တိုက်ဖော်တိုက်ဖက်လည်းဖြစ်။ အတီးရဲ့  စတုတမြောက် သူရဲကောင်းလည်းဖြစ်ခဲ့တဲ့ မူးဂါးနမ့်ကျင်ရွှေ ဆုံးပြီးတဲ့နောက်မှာ အတီးဟာပန်းပင်တွေအပေါ်မှာ ပိုပြီးသံယောဇဉ်ကြီးတာလာကိုလည်း ကျမသတိထားမိတယ်၊

တနယ်ထဲသား။ တောသူတောင်သား သားသမီးတွေဖြစ်ကြတဲ့ အတီးနဲ့  မူဂါးဟာ။ ဘ၀တူ။ ၀ါသနာတူ။ စိတ်တူသဘောတူရှိခဲ့တယ်။ ခက်ခဲကြမ်းတမ်းတဲ့ တော်လှန်ရေးခရီးကြမ်းထဲမှာ အတူဖြတ်သန်းခဲ့ကြပြီး တဦးနဲ့  တဦး နားလည်မှု။ ယုံကြည်မှု။ လေးစားမှုတွေ ပိုမိုခိုင်မာလာတဲ့အချိန်မှာ မူးဂါးနမ့်ကျင်ရွှေ အတီးနားက ထွက်ခွာသွားတော့ အတီးအတော်ကြေကွဲခဲ့ရတယ် မဟုတ်လား။ အတီးက မူဂါးကို သား သမီးတွေ အတောင်အလက်စုံတဲ့အထိ။ ကရင်တော်လှန်ရေးခရီးဆုံးအထိ အေးအတူပူအမျှ အတူရှိနေစေချင်သေးတယ် မဟုတ်လား၊ မူးဂါး ဆုံးပါးပြီးတဲ့နောက်မှာ အတီးရဲ့ အဖော်ဟာ မူဂါးနမ့်ကျင်ရွှေ နှစ်သက်တဲ့ ယုဇနပန်းတွေဖြစ်လာတယ်၊ မူဂါးအတွက်ရည်စူးပြီး စိုက်ပျိုးထားတဲ့ ယုဇနပန်းပင်လေးကို ညနေတိုင်း ရေလောင်းပေးရင်းနဲ့  မူဂါးကို လွမ်းတဲ့စိတ်တွေကို အတီးဖြေသိပ်ခဲ့တယ် မဟုတ်လား၊ အတီးရဲ့  စာအုပ်စဉ် ယိုင်နဲ့ နဲ့ လေးပေါ်မှာက မူးဂါးနမ့်ကျင်ရွှေရဲ့  ဓာတ်ပုံရှေ့ မှာ ယုဇနပန်းတွေကို အတီးအမြဲစိုက်ထိုးပေးခဲ့တယ်နော်။

အတီးဟာ သားသမီးနဲ့  ဇနီးသည်ကို ကြင်နာခဲ့။ စာပေတွေကို မြတ်နိုးခဲ့၊ လုပ်ဖော်ကိုင်ဖက် ရဲဘော်ရဲဘက်တွေကို တန်ဖိုးထား လေးစားခဲ့သလို ကရင်အမျိုးသားထုတရပ်လုံးကိုလည်း လွတ်လပ်မှု။ ငြိမ်းချမ်းမှုနဲ့  စည်းလုံးချစ်ကြည်မှုတွေကို အပြည့်အ၀ ရရှိခံစားစေချင်တဲ့ ခေါင်းဆောင်တဦးပါ။ န၀တက ကေအဲန်ယူကို ဘာသာရေးအရ သပ်လျိုသွေးခွဲခဲ့လို့ သူးမွဲထာဒေသ မြစ်ဆုံအရေးအခင်းဖြစ်တော့ အတီးနဲ့  ကေအဲန်ယူ ခေါင်းဆောင်ကြီးတွေ စိုးရိမ်သောက ဖြစ်ခဲ့ကြ။ စေ့စပ်ညှိနှိုင်းရေးတွေလုပ်ခဲ့ကြ၊ အတီးအပါအ၀င် မဟာမိတ်ခေါင်းဆောင်ကြီးတွေ ကေအဲန်ယူထဲက ကရင်ဗုဒ္ဓဘာသာဝင်တချို့  ခွဲမထွက်သွားအောင် ၀ိုင်းဝန်းကျိုးပမ်းခဲ့ကြပေမယ့် န၀တရဲ့  ထောင်ခြောက်ထဲကို ရောက်သွားရှိတဲ့ ဗုဒ္ဓဘာသာဝင် ကရင်တချို့ ကို ဘယ်လိုမှ ဆွေးနွေးလို့ မရတော့တဲ့အပြင် အတီးတို့ ကိုတောင် လုပ်ကြံသတ်ဖြတ်ဖို့ အထိ လုပ်ခဲ့တာတွေ။ အတီးတို့  အသက်ဘေးကလွတ်အောင် ရုန်းထွက်ခဲ့ရတာတွေကိုသိရတော့ ကျမတို့ အတော့်ကို ထိခိုက်နာကျင်ခဲ့ရပါတယ်၊ ကိုယ်တိုင်ဦးဆောင်ပါဝင်ခဲ့ရတဲ့ ဗုဒ္ဓဘာသာဝင် ခေါင်းဆောင်ကြီးတဦးဖြစ်တဲ့ အတီး ခံစားရတာကတော့ ကျမတို့ ထက် အများကြီးပိုမှာပါ၊ ကရင်ဗုဒ္ဓဘာသာဝင်တချို့ ကေအဲန်ယူထဲကခွဲထွက်ပြီး န၀တ လက်အောက်ရောက်သွားတော့ အတီး ယူကျုံးမရဖြစ်ပြီး မျက်ရည်ကျတယ်လို့  မူးဂါးနမ့် ကျင်ရွှေ ပြန်ပြောပြလို့  ကျမတို့ သိခဲ့ရပါတယ်၊

ဒီကေဘီအေ ခွဲထွက်သွားတဲ့ကိစ္စမှာ “ကျနော်တို့ ကရင်တွေ နိုင်ငံရေး အတော်အားနည်းနေသေးတယ်၊ နိုင်ငံရေး အားနည်းတော့ ရန်သူဟာ ကျနော်တို့ အပေါ်မှာ ဘယ်လောက်အထိ ကောက်ကျစ်တယ်၊ ယုတ်မာရက်စက်တယ်ဆိုတာကို မသိကြဘူး။ ကျနော်တို့ ရဲ့  ကွဲပြားခြားနားချက်။ အားနည်းချက်တွေကို အသုံးချပြီး ကျနော်တို့ ကရင့်တော်လှန်ရေးနဲ့  ကေအဲန်ယူကို အပြုတ်တိုက်ဖို့  ကြံစည်လုပ်ဆောင် နေ တယ်ဆိုတာကို နားမလည်ကြဘူး။ တော်လှန်ရေး နိုင်ငံရေးမှာ အတွေးအခေါ်အရ ကွဲလွဲမှုတွေ ရှိပါတယ်၊ ကျနော်တို့  ကရင်တော်လှန်ရေး တလျှောက်လုံးမှာလဲ ရှိခဲ့တာပါပဲ။ ဒီတခါကွဲတာကတော့ ကျနော်တို့  ကရင့်တော်လှန်ရေးအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုကြီးပဲ”လို့  အတီး မှတ်ချက်ချခဲ့တာကို ကျမ ကောင်းကောင်းမှတ်မိနေပါတယ်။

ဒီကေဘီအေ ခွဲထွက်သွားပြီးတဲ့နောက်မှာ ကရင်အမျိုးသားအချင်းချင်း ပြန်လည်ပေါင်းစည်းဖို့ အတွက် အတီးအပါအ၀င် ကေအဲန် ယူခေါင်းဆောင်ကြီးတွေ အကြိမ်ကြိမ်ကျိုးပမ်းခဲ့ကြပါသေးတယ်၊ ဒါပေမယ့် နအဖရဲ့  ညွန်ကြားချက်အတိုင်း ကေအဲန်ယူစခန်းတွေကို ဒီကေဘီအေ ဘက်ကနေ အကြိမ်ကြိမ်တိုက်ခိုက် လာတဲ့အခါမှာတော့ သတင်းမီဒီယာတွေကနေ ရန်ငါ စည်းခြား ပြတ်ပြတ်သားသား ပြောခဲ့သူ ဟာ အတီးပါ၊ ဒါပေမယ့် ကရင်တွေ အကွဲကွဲအပြားပြားဖြစ်နေ။ ကရင်အချင်းချင်း ပြန်တိုက်နေရတာကိုတော့ အတီးနှလုံးကြေကွဲမတတ် ခံစားခဲ့ရတယ် မဟုတ်လား၊ ဒီကေဘီအေကိစ္စ ဆွေးနွေးလိုက်တိုင်း ကြည်လင်နေတဲ့ အတီးမျက်နှာဟာ ရွာတော့မယ့်မိုးလို မှုန်မှိုင်းသွားပြီး “ကျနော်တို့  ကရင်တွေ စုစုစည်းစည်း ညီညီညွတ်ညွတ်ဖြစ်ကြရင် သိပ်ကောင်းမယ်ဗျာ”လို့ ပြောပြီး သက်ပြင်းရှည်ကြီးကို အတီးချတတ်တယ်။

မြစ်ဝကျွန်းပေါ် ဧရာဝတီမြစ်ဝှမ်းလွင်ပြင်ဇာတိ။ ဗုဒ္ဓဘာသာဝင် အနောက်ပိုးကရင်တဦးဖြစ်တဲ့ အတီးဟာ တောင်ပေါ်မြေပြန့် မခွဲပဲ။ စကောကရင်။ ပိုးကရင်မခွဲ။ အရှေ့ ပိုး။ အနောက်ပိုး မခွဲပဲ။ ကရင်တမျိုးသားလုံးကို တန်းတူရည်တူချစ်ခဲ့တယ်၊ အခုတော့ အတီးချစ်တဲ့ ကရင်တွေက “မင်္ဂလာညနေခင်းပါ အတီး”လို့  နှုတ်ဆက်ပြီးတော့ အတီးရင်ဝတည့်တည့်ကို ကျည်ဆံတွေပစ်သွင်း သွားခဲ့တယ်၊ အတီးအံ့အား သင့်နေခဲ့တယ် မဟုတ်လား၊ အတီးတချက်ကလေးမှ မညီးငြူခဲ့သလို အဲဒီကရင်တွေကိုလည်း အတီးအပြစ်မယူခဲ့ဘူး မဟုတ်လား၊ ဒီ အကြောင်းကို အတီးကိုယ်တိုင် သတင်းသမားတွေကို ပြောခွင့်ရမယ်ဆိုရင် “ဒါဟာ အိမ်ကြက်အချင်းချင်း အိုးမဲသုတ်တဲ့ နအဖရဲ့  ရက်စက် ယုတ်မာမှု။ နအဖ စစ်အစိုးရရဲ့  အကြမ်းဖက်မှု”လို့  အတီးပြောမှာ သေချာပါတယ်၊ အတီး ကျဆုံးသွားခဲ့တဲ့ ညနေခင်းဟာ ချစ်သူများရဲ့  ညနေခင်းပါ၊ ကျမတို့  အားလုံးအတွက်တော့ အတီးကို မှတ်မှတ်ရရ အမြဲရှိနေမယ့် ညနေခင်းပါပဲ အတီးရယ်။

အတီးလျှောက်ခဲ့တဲ့လမ်းကို ပြန်ကြည့်ရင် လွမ်းစရာတွေအတိနဲ့ ပါ၊ အခုတော့ ရေဆန်ဆိုတဲ့ မန်းရှာလားဖန်းရဲ့  အရိုးပြာကို သူ့ ရဲ့  ရဲဘော်ရဲဘက်တွေက သောင်ရင်းမြစ်ရေလျင်ထဲမှာ မျောချနေကြပြီ အတီးရေ။ အတီးရဲ့  အရိုးပြာထဲမှာ ကရင်ပြည်သူတွေနဲ့ အတူ တိုင်းရင်းသား လူမျိုးပေါင်းစုံကိုချစ်တဲ့ အတီးရဲ့  အချစ်တွေပါတယ်၊ မြန်မာပြည်သူလူထုတရပ်လုံး စစ်အာဏာရှင် လက်အောက်က လွတ်မြောက်ရမယ်ဆိုတဲ့ အတီးရဲ့  ယုံကြည်ချက်တွေပါတယ်၊ စစ်အာအာဏာရှင်စနစ် မုချကျဆုံးရမယ်ဆိုတဲ့ အတီးရဲ့  ယုံကြည်ချက်တွေပါတယ်၊
သောင်းရင်းမြစ်ရေလျင်ကြောမှာ မန်းရှာလားဖန်းရဲ့  ယုံကြည်ချက်။ မျှော်လင့်ချက်တွေ စီးမျောနေပြီ အတီးရေ၊ အတီးရဲ့  ယုံကြည်ချက်။ မျှော်လင့်ချက်တွေဟာ သောင်းရင်းမြစ်ထဲကနေ သံလွင်မြစ်မကြီးထဲကို စီးမျောသွားလိမ့်မယ်၊ သံလွင့်မြစ်မကြီးရဲ့  မြစ်လက်တက် မြစ်ခွဲတွေဆီကတဆင့် အတီးရဲ့  ဇာတိချက်ကြွေမွေးရပ်မြေက ဧရာဝတီမြစ်ကြီးထဲကို စီးဝင်ရောက်ရှိသွားလိမ့်မယ်။ ဧရာဝတီမြစ်ကြီးထဲ ရောက်ရှိသွားတဲ့ အတီးရဲ့  ယုံကြည်ချက်။ မျှော်လင့်ချက်တွေဟာ ရပ်တန့် မနေပဲ မြန်မာနိုင်ငံတ၀န်းဆီကို ပြန့်  နှံ့ ရောက်ရှိသွားမယ်ဆိုတာ ကျမ အခိုင်အမာ ယုံကြည်နေပါတယ်၊

ခိုင်မာကျော်ဇော
(ဖေဖော်ဝါရီ ၁၄၊ ၂၀၀၈ )

|ဆရာမ ခိုင်မာကျော်ဇော၏ Facebook စာမျက်နှာမှ ကူးယူဖော်ပြသည် |

 

 ဖဒိုမန်းရှာ၏ ကိုယ်ရေး အကျဉ်း

ဖဒိုမန်းရှာလဖန်းသည် ဧရာဝတီတိုင်း ပန်းတနော်မြို့နယ်သားဖြစ်ပြီး ၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်အရေးတော်ပုံပေါ်ပေါက်ချိန်၌ ရန်ကုန်တက္ကသိုလ်တွင် ကျောင်းတက်နေဆဲ ကျောင်းသားတစ် ဦးဖြစ်သည်။ ၁၉၆၄ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ၀ိဇ္ဇာဘွဲ့ရရှိပြီး ၁၉၆၅ ခုနှစ်တွင် ကရင်တော် လှန်ရေးနယ်ပယ်သို့ ခြေစုံပစ်ဝင်ရောက်ခဲ့သည်။

၁၉၆၆ ခုနှစ်တွင် ထိုစဉ်က KNU အထွေထွေ အတွင်းရေးမှုး ဖဒိုစကောလယ် ထောနှင့်အတူ တရုတ်ပြည်နယ်စပ်နှင့် ရှမ်းပြည်ဒေသများ သို့ကွင်းဆင်း စည်းရုံးရေး၌ လိုက်ပါခဲ့သည်။ ၁၉၇၅ ခုနှစ်၌ KNUP နှင့် KNU တို့ပေါင်းစည်း ညီညွတ်ရေး လုပ်ပြီးချိန်၌ ညောင်လေးပင်ခရိုင်၌ တာဝန်ကျပြီး ခရိုင်တွဲဖက် အတွင်းရေးမှုး တာဝန်ထမ်းဆောင်ခဲ့သည်။ (၁၉၇၆ – ၇၇ – ၇၈ )ခုနှစ်များတွင် KNLA တပ်မတော်နှင့်အတူ တသားထဲ နေထိုင်ခဲ့သည်။ ၂၀၀၀ ခုနှစ် KNU ကွန်ဂရက်မှ စတင်ကာ အထွေထွေ အတွင်းရေးမှုးအဖြစ် ရွေးချယ်ခြင်းခံရကာ လုပ်ကြံခံ ရချိန်  အထိတာဝန် ထမ်းဆောင်ခဲ့သည်။

၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် မဲဆောက်နေအိမ်၌ သေနတ်သမားများ၏ ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသည်။

ကွယ်လွန်ချိန်၌ အဝေးရောက်နေသော အင်္ဂလန်နိုင်ငံနေ ဇိုရာဖန်းအပါအ၀င် သားသမီးလေးဦးကျန်ရှိခဲ့ပြီး ဇနီးဖြစ်သူ နန့်ရွှေကျင်မှာ ကွယ်လွန်ခဲ့ပြီဖြစ်သည်။

ဖဒိုမန်းရှာသည် ၁၉၆၂ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် သို့စတင်ပညာသင်ကြားခဲ့ပြီး ၁၉၆၆ တွင်သမိုင်းဘာသာရပ်ဖြင့် ဘွဲ့ ရရှိကာ ကရင်တော်လှန်ရေး တွင် ပါဝင်ခဲ့သူဖြစ်သည်။ရန်ကုန်တက္ကသိုလ်ရှိ ကျောင်းသားသမဂ္ဂအဆောက်အဦးကြီးကို ဖြိုဖျက်ကာ ကျောင်းသားများကို နှိပ်ကွပ်သည့် ၁၉၆၂ ဆဲဗင်းဇူလိုင်နှင်ကြုံခဲ့သည့် ဖဒိုမန်းရှာသည်ရေဆန် ဟူသော ကလောင်အမည်ဖြင့် စာများ ကဗျာများ ရေးသားခဲ့သည်။