လုပ်နေတာ၊ လုပ်နေရတာ

0
834

မိသားစု အသိုက်အဝန်းတွင် ဖြစ်ဖြစ် အလုပ်ဝန်းကျင်တွင်ဖြစ်ဖြစ် အမြဲလိုလို ကြားနေရသည့် ညည်းတွားသံတစ်ခုရှိသည်။

ယင်းမှာ “ ..……… လုပ်နေရတာ”ဟူ၏။

ဥပမာ စားပွဲထိုး (တစ်)က

“ငါက အားလုံးကိုပြုံးပြနေရတယ်” “ငါကသူများ စွန့်ပစ်ထားတဲ့ အမှိုက်တွေကို သိမ်းရတယ်” “ငါကသူများတွေ အိပ်နေချိန်မှာ အလုပ်လုပ်နေရတယ်” စသဖြင့် တွေးသည်။

စားပွဲထိုး (နှစ်) ကမူ

“ငါကအားလုံးကို ပြုံးပြနေတယ်” “ငါကသူများ စွန့်ပစ်ထားတဲ့ အမှိုက်တွေကို သိမ်းနေတယ်” “ငါကသူများတွေ အိပ်နေချိန်မှာ အလုပ်လုပ်နေတယ်” စသဖြင့် တွေးသည်။

ယင်းတွေးပုံနှစ်မျိုးသည် စကားလုံးအားဖြင့် သိပ်မသဲကွဲသော်လည်း အဓိပ္ပာယ် သက်ရောက်မှုအတော် ကွာပေသည်။ ဟိုတယ်ဝန်ထမ်းတစ်ဦးသည် ဧည့်သည်များအပေါ်မှာ ဝန်ဆောင်မှုပေးရသည်ကို လုပ်ရမည့် အလုပ်တစ်ခုအဖြစ် သဘောထားလျှင် လုပ်ငန်းခွင်တွင် ကြုံတွေ့ရသည့် အခက်အခဲများကို ဖြတ်ကျော်ရမည့် စိန်ခေါ်မှုများအဖြစ်သာ ရှုမြင်ပြီး နေ့စဉ် အလုပ်လုပ်ရာတွင်လည်း ပေါ့ပါး ပျော်ရွင်စွာ အလုပ်လုပ် နိုင်ပေမည်။

ထိုသို့မဟုတ်ဘဲ ဧည့်သည်များအပေါ်တွင် ဝန်ဆောင်မှု ပေးနေရသည်ဟု ရှုမြင်ပါလျှင်လုပ်ငန်းခွင်တွင် ကြုံရသည့် အခက်အခဲများကိုဖိအားများ အဟန့်အတားများအဖြစ်သာ ခံယူပြီး နေ့စဉ် လုပ်ငန်းခွင်တွင်လည်း လေးပင်ညစ်ညူးစွာ ဖြတ်သန်းနေရ ပေလိမ့်မည်။

အငှားယာဉ် မောင်းများသည်လည်းကောင်း၊ အထမ်းသမားများ သည်လည်ကောင်း၊ စားပွဲထိုးများသည် လည်းကောင်း၊ ကျောင်ဆရာများသည် လည်းကောင်း၊ သတင်းထောက်များသည် လည်းကောင်း၊ အမှိုက်သိမ်းဝန်ထမ်းများ သည် လည်းကောင်း၊ ဌာနဆိုင်ရာမှ ပြည်သူ့ဝန်ထမ်းများသည် လည်းကောင်း ထိုသို့သော အခြေအနေကို ကြုံတွေ့ကြရမည် ဖြစ်သည်။

လုပ်ငန်းတစ်ခုနှင့် ပတ်သက်ပြီး တာဝန်ယူမှု တာဝန်ခံရမှုများအပေါ်တွင် မှန်ကန်သည့်သဘောထား၊ မှန်ကန်သည့် ရှုမြင်မှုဖြင့် ရှုမြင်တတ်ရန်လိုပေသည်။ မိမိတာဝန်ယူထားသည့် အလုပ်နှင့် ပတ်သက်ပြီး ကြုံလာရသမျှကို လုပ်ရမည့်အလုပ်၊ ကြုံတွေ့လာရမည့် အဟန့်အတားများကို ဖြတ်ကျော်ရမည့် စိတ်ခေါ်မှုများအဖြစ် မရှုမြင်နိုင်လျှင် လုပ်ငန်းခွင်တွင် မပျော်မွေ့တော့ဘဲ အလုပ်ဖြစ်မူနှုန်းလည်း ကျသွားမည်ဖြစ်သည်။

ဘ၀တွင် ကြုံလာရသည့်စီးပွားရေး၊ လူမှုရေးကိစ္စများတွင် လုပ်နေရတာဟူသည့် ရှုမြင်ပုံကို ရပ်တန့်ရန်လိုပေသည်။

အယ်ဒီတာ