NLD နှင့် မွန်ပါတီ ကျောင်းသားသပိတ်တွင် မပါရန် မွန် နယ်/လုံဝန်ကြီး သတိပေး

0
798

အမျိုးသားပညာရေး ဥပဒေအား သပိတ်မှောက်နေကြသည့် ကျောင်းသားအဖွဲ့များနှင့် ပူးပေါင်းပါဝင်မှုမပြုရန်  မွန်အမျိုးသားပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တို့အား လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဌေးမြင့်အောင်က ခေါ်တွေ့ သတိပေးခဲ့ကြောင်း မွန်အမျိုးသားပါတီထံမှ သိရသည်။

DSC08582
မွန်သပိတ်မှောက်ကျောင်းသားများကို ကြိုဆိုထောက်ခံနေသည့် မွန်အမျိုးသားပါတီ။ ဓာတ်ပုံ – ယဉ်စနိုင်း

မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသတို့မှ ကျောင်းသားများဦးဆောင်ပြီး ဖေဖော်ဝါရီ ၉ ရက်နေ့က မော်လမြိုင်မြို့၌ အမျိုးသားပညာရေးဥပဒေ သပိတ်မှောက် လမ်းလျှောက်ပွဲတွင် ကြိုဆိုထောက်ခံခဲ့ကြသည့် ယင်းပါတီ နှစ်ပါတီအား ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ခေါ်ယူတွေ့ဆုံ  သတိပေးခံခဲ့ရခြင်းဖြစ်သည်။

“ကျွန်တော်တို့ ပါတီက တစ်ဦးနဲ့ NLD ပါတီက တစ်ဦးကို ခေါ်ယူတွေ့ဆုံတာပါ။ အဓိကကတော့ မော်လမြိုင်မြို့မှာ ကျောင်းသားသပိတ်နဲ့ပတ်သက်ပြီး မပူးပေါင်းပါဝင်ဖို့  ပြောတာပါ” ဟု မွန်အမျိုးသားပါတီမှ တွဲဖက်အတွင်းရေးမှူး (၁) နိုင်စိုးမြင့်က ပြောသည်။

မွန်အမျိုးသားပါတီအနေဖြင့် သပိတ်မှောက်ကျောင်းသားများနှင့် ပူးပေါင်းပါဝင် သပိတ်မှောက်ခဲ့ခြင်းမရှိကြောင်း တိုင်းရင်းသားစာပေသင်ကြားရေးနှင့် ပတ်သက်ပြီး ကျောင်းသားများတောင်းဆိုသည့်အချက်နှင့် ၄င်းတို့ပါတီ၏ တောင်းဆိုချက်နှင့် တူညီနေသည့်အတွက် ထောက်ခံအားပေးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“ကျွန်တော်တို့ကတော့ ပူးပေါင်းဆောင်ရွက်တာတွေ မရှိပါဘူး၊ လမ်းပေါ်မှာ ဆန္ဒပြနေတဲ့သူတွေကို ကျနော်တို့က ရေတိုက်တယ်။ အားပေးတာပါပဲ”ဟု နိုင်စိုးမြင့်ကဆိုသည်။

ယင်းနိုင်ငံရေးပါတီ နှစ်ပါတီအား ခေါ်တွေ့ သတိပေးခဲ့စဉ်က မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်လည်း ပါဝင်ကြောင်း မွန်အမျိုးသားပါတီမှ သိရသည်။

မွန်အမျိုးသားပါတီနှင့် NLD ပါတီတို့အနေဖြင့် အမျိုးသားပညာရေးဥပဒေနှင့် ပတ်သက်ပြီး ကျောင်းသားလှုပ်ရှားမှုတွင် မပါဝင် မပူးပေါင်းရန် ခေါ်တွေ့ သတိပေးရခြင်းဖြစ်ကြောင်း မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသတို့မှ ကျောင်းသားများဦးဆောင်ပြီး ဖေဖော်ဝါရီ ၉ ရက်နေ့က မော်လမြိုင်မြို့၌ ကျင်းပခဲ့သည့် အမျိုးသားပညာရေးဥပဒေ သပိတ်မှောက် လမ်းလျှောက်ပွဲတွင် ထောင်နှင့်ချီသည့် ပြည်သူလူထုတို့ကလည်း ကြိုဆိုထောက်ခံခဲ့ကြသည်။

ထိုသပိတ်မှောက် ကျောင်းသားအဖွဲ့တို့သည် ဖေဖော်ဝါရီလ ၁၀ ရက်နေ့က နည်းပညာတက္ကသိုလ် (မော်လမြိုင်) သို့ ဆက်လက်ချီတက် သပိတ်မှောက်ခဲ့ကြပြီးနောက် ရန်ကုန်သို့ ချီတက်ရန် မော်လမြိုင်မှတဆင့် သထုံ ကွန်ပျူတာတက္ကသိုလ်သို့ ချီတက် သပိတ်မှောက်ခဲ့ကြသည်။