မီးပုံးပျံ ဦးကျော်ရင်နှင့် မြိတ်အရေးပိုင် မောရစ်ကောလစ်

0
1386

ကျွန်တော်တို့ငယ်ငယ်က မီးပုံပျံဦးကျော်ရင်လို့ ဆိုလိုက်ရင် ကလေးလူကြီး အားလုံးလိုလို သိကြပါတယ်။ အဲဒီအချိန်တွေက သူ့အကြောင်းကို ကျောင်းသုံးဖတ်စာအုပ်မှာ ပြဋ္ဌာန်းခဲ့တာကြောင့်လည်း မီးပုံးပျံ ဦးကျော်ရင်ဆိုတာ ထားဝယ်ဒေသဖွား တစ်ယောက်၊ တိတိကျကျ ပြောရရင် ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်ထဲက ပန္ဒလဲရွာသား မီးပုံပျံစီး သူရဲကောင်း တစ်ယောက်ဖြစ်တဲ့အကြောင်း ကလေးလေးကအစ သိနေကြတာပါ။ မီးပုံးပျံ ဦးကျော်ရင်ကို ခေတ်အဆက်ဆက် စာနယ်ဇင်းများနဲ့ မြန်မာ့စွယ်စုံကျမ်းများမှာပါ ထူးထူးခြားခြား ပုဂ္ဂိုလ်တစ်ယောက်ဖြစ် မှတ်တမ်းတင် ဖော်ပြထားတာတွေကို လက်လှမ်းမှီသလောက် ဖတ်ရှုလေ့လာခဲ့ရဖူးပါတယ်။

ဦးကျော်ရင်ကို ၁၈၇၃ ခုနှစ် ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်ထဲက ပန္ဒလဲရွာမှာ မွေးဖွားခဲ့ပါတယ်။ ငယ်စဉ်ကလည်း ကျွမ်းဘား ၊ နပန်း ၊ အပြေးပြိုင်တာတို့ကို လေ့လာလိုက်စားခဲ့မှုကြောင့် ခန္ဒာကိုယ် ပေါ့ပါးသန်စွမ်းပြီး ဇွဲနပဲကြီးသူတစ်ယောက်ဖြစ်တယ်လို့ လည်း ဆိုပါတယ်။ ငယ်စဉ်က အောက်ရေဖြူကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာ ပညာသင်ကြားခဲ့ပြီး အစိုးရစစ် လေးတန်းကို ဝင်ရောက် ဖြေဆို အောင်မြင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ နယ်လှည့် ပညာဝန် ဦးထွန်းအုန်းရဲ့ ကျေးဇူးကြောင့် သတ္တမတန်းကို ပျဉ်းမနားမြို့မှာ ဖြေဆိုအောင်မြင်ခဲ့ပြီး အလယ်တန်း ဆရာအဖြစ် အမှုထမ်းခဲ့ကြောင်း သိရပါတယ်။

တစ်ချိန်တည်းမှာ အင်္ဂလိပ်စာကို ကြိုးစားလေ့လာသင်ယူခဲ့ပြီး သူဝါသနာပါရာ ပုံဆွဲဆရာ ရာထူးအတွက် စာမေးပွဲ ဝင်ရောက် ဖြေဆိုခဲ့ရာ မှာလည်း အောင်မြင် ခဲ့ပြန်ပါတယ်။ ဒါကြောင့်မို့ ဦးကျော်ရင်ဟာ ထားဝယ်မြို့ အထက (၁) မှာ ပုံဆွဲဆရာအဖြစ် တာဝန်ထန်းဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဦးကျော်ရင် မီးပုံပျံ စတင်စီးပြဖြစ်သွားတဲ့ လှုပ်ဆော်မှုလေးက အထူးပဲစိတ်ဝင်းစားဖို့ ကောင်းပါတယ်။ တစ်နေ့မှာ သူရိယ သတင်းစာပါ ဆောင်းပါးတပုဒ်က “ထားဝယ်မြို့မှ မောင်ကျော်ရင်ဆိုသူတဦးသည် လေယာဉ်ပျံ လုပ်တတ်သည်ဟု ကြွားဝါခဲ့ဖူးသော်လည်း ယခုအခါ သေသလား ၊ ရှင်သလား မသိ တိမ်မြုပ် သွားလေပြီ”   ဆိုပြီး ချိုးနှိမ်ရေးသားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီအခါမှာ ဦးကျော်ရင်က သူရိယသတင်းစာမှပဲ  ” မိမိသည် လေယာဉ်ပျံ လုပ်တတ်သည်ဟု မကြွားဝါခဲ့ကြောင်း ၊ ကောင်းကင်၌ လေယာဉ်ပျံများ စက်ပျက်သွားသောအခါတွင် ထိုးကျပျက်စီးခြင်း မရှိရအောင် ပြုလုပ်နိုင်သော နည်းကိုသာ စာရေးသားခဲ့ကြောင်း၊ မြန်မာ မြန်မာချင်း အထင်သေးသည်မှာ ဝမ်းနည်းဖွယ်ရာ ကောင်းကြောင်း၊ ယခု မိမိ မသေသေး၍ မိမိ အစွမ်းကို စောင့်ကြည့်စေလိုကြောင်း”  စသဖြင့် ဆောင်းပါးရေးပြီး  ပြန်လည် ချေပ စိန်ခေါ်ခဲ့တယ်လို့ ဆိုပါတယ်။

ဦးကျော်ရင်ဟာ မခံချင်စိတ်ကြောင့် အသက် ၅၅ နှစ်အရွယ် ပင်စင်ယူပြီးနောက်ပိုင်းမှာ မီးပုံးပျံကို ကိုယ်တိုင်တီထွင် စမ်းသပ်ပြုလုပ်ပြီး စွန့်စွန့်စားစား မီးပုံပျံစီးပြခဲ့တယ်လို့ သိရပါတယ်။ ဦးကျော်ရင်ဟာ သူကွယ်လွန်တဲ့ အသက် ၆၆ နှစ် အရွယ်ထိ ၁၀ နှစ်တာကာလအတွင်း အနယ်နယ်အရပ်ရပ်ကို လှည့်လည်ပြီး ၅၅ ကြိမ်အထိ မီးပုံးပျံ စီးပြခဲ့တယ်လို့ သိရပါတယ်။

မီးပုံးပျံ ဦးကျော်ရင် အကြောင်း ဖတ်ရှုမှတ်သားခဲ့ရဖူးတဲ့အထဲမှာ မြန်မာစာရေးဆရာများ ရေးသားထားချက်များ ပါဝင်သလို သူ့ခေတ်သူ့အခါက သူနဲ့ပက်သက်ခဲ့ဖူးတဲ့ တနင်္သာရီဒေသရောက် အင်္ဂလိပ်အရာရှိများရဲ့ ကိုယ်တွေ့မှတ်တမ်းများကိုလည်း ဖတ်ရှုခဲ့ရဖူးပါတယ်။ ကျွန်တော့အနေနဲ့ ကိုယ့်တိုင်းပြည် ကိုယ့်ဒေသအတွင်းက ထူးထူးခြားခြား လူပုဂ္ဂိုလ်တစ်ယောက် အကြောင်း ကိုယ့်အမျိုးသားစာရေးဆရာများ ဂုဏ်ဖော် ရေးသားထားချက်များထက် တိုင်းတစ်ပါးလူမျိုးခြား စာရေးဆရာတို့ရဲ့ ရေးသားဂုဏ်ဖော်ထားတာတွေကို ဖတ်ရတာက ပိုပြီး အရသာရှိသလို ခံစားမိပါတယ်။

ဒါကြောင့်မို့လည်း ဒီဆောင်းပါးမှာ မီးပုံပျံစီး မြန်မာသူရဲကောင်း ထားဝယ်နယ်သား ဦးကျော်ရင်အကြောင်း ကိုယ်တွေ့မှတ်တမ်းတင်ခဲ့သူ အဲဒီအချိန်က မြိတ်အရေးပိုင် ကမ္ဘာကျော် စာရေးဆရာကြီး မောရစ်ကောလစ် ( Maurice Collis ) ရဲ့မှတ်တမ်းများကို ကောက်နုတ်ပြီး တင်ပြလိုပါတယ်။ ၁၉၃၄ ခုနှစ် မြိတ်မြို့မှာ ဦးကျော်ရင် မီးပုံပျံ စီးပြသွားတာကို မြိတ်အရေးပိုင် မောရစ်ကောလစ်က အခုလို မှတ်တမ်း တင်ထားပါတယ်။

အရုဏ်မတက်မီ မြို့ထဲမှ အသံတွေကြားနေရတယ်။ အဲဒီ အသံတွေက ဦးကျော်ရင် မီးပုံပျံစီးပြမှာကို ကြည့်ရှုဖို့ရာ နေရယူဖို့ ပင်လယ်ကမ်းနားကို သွားလာနေကြတဲ့ အသံတွေ ဖြစ်တယ်။ ဒီတော့ ကျွန်တော်လည်း မနက် ၇နာရီလောက်မှာ တောင်ကုန်းပေါ်က ဆင်းခဲ့ပါတယ်။ မြိတ်မြို့ ပင်လယ်ကမ်းစပ်အနားက မြေကွက်တစ်ခုမှာတော့ လူတစ်သောင်းလောက် စုရုံးနေပြီးသား ဖြစ်နေခဲ့တယ်။

မြေကွက်လပ် အလယ်က ဝါးချွန်များ စိုက်ထားတဲ့ ခံတပ်နောက်ကွယ်မှာ အမည်းရောင် အဝတ်စများနဲ့ ချုပ်လုပ်ထားတဲ့ မီးပုံးပျံကြီးကို တွေ့ရတယ်။ ခံတပ်ထဲကို ဝင်ကြည့်လိုက်တော့ မီးပုံးပျံကြီးအောက်မှာ မီးဖိုကြီးတစ်ခုကို ဖိုထားပြီး မီးပုံပျံကြီးကလည်း မှိုင်းဝပြီး ဖောင်းကားနေပါတယ်။  သိပ်မကြာခင်မှာ မီးပုံးပျံကြီး တင်းလာပြီး အပေါ်ပျံတက်ဖို့ အဆင်သင့်နေထား ရောက်လာတဲ့အချိန်မှာတော့ ဦးကျော်ရင်ဟာ ကောင်းကင်နဲ့ အရပ်လေးမျက်နှာကို ဝပ်ချပြီး ကန်တော့ပါတယ်။ အဲဒီနောက်မှာ ဒေါင်းအလံပေါ်မှာ ဒူးထောက်ပြီး ဒန်းအမြင့်တစ်ခုကို ကိုင်လျက်အနေထားနဲ့ သူ့လူတွေကို မီးပုံးပျံမှာ ချည်ထားတဲ့ ကြိုးတွေကို လွှတ်လိုက်ဖို့ အချက်ပေးလိုက်တယ်။

မီးပုံးပျံကြီး လေထဲကို တက်သွားတဲ့အခါ ဦးကျော်ရင်လည်း ဘားတန်းပေါ်မှာ ဦးခေါင်းကို အောက်စိုက်ပြီး (ကျွမ်းထိုးပြီး) လိုက်ပါသွားတော့တယ်။ ဦးကျော်ရင်နဲ့ အတူ မီးပုံပျံကြီးဟာ လေပင့်အားနဲ့ အထက်ကိုတည့်တည့် တက်သွားပါတယ် ။ မီးပုံးပျံကြီး အမြင့်ပေ ၂၅၀ ကျော်လောက် ရောက်မှာတော့ အတွင်းမှာရှိတဲ့ မှိုင်းတွေ အေးလာပြီး အောက်ကို ပြန်ကျလာပါတော့တယ်။

အဲဒီအချိန်မှာ ခပ်ဖြည်းဖြည်း တိုက်ခပ်နေတဲ့လေက ပြန်ကျလာတဲ့ မီးပုံးပျံနဲ့ ဦးကျော်ရင်ကို ပင်လယ်ဘက်ကိုလွင့်သွားစေပါတယ်။ လူအုပ်ကြီးကလည်း ဆူညံစွာအော်ဟစ်ပြီး ပီးပုံးပျံကြီး ပြန်ကျလာမယ့် ကမ်းနားဆီကို ပြေးလိုက်လာကြပါတယ်။ကျွန်တော်ကလည်း အခုလိုမျိုး မီးပုံးပျံစီးသူ ရေထဲကျလာရင် အသင့်ဆယ်ယူနိုင်စေဖို့ ဖလင်ဂါသင်္ဘောကို အဆင်သင့် စောင့်ခိုင်းပြီးသားဖြစ်တယ်။

သိပ်မကြခင်မှာပဲ အရှိန်နဲ့ ပင်လယ်ရေထဲ မီးပုံးပျံကြီးနဲ့ အတူ ထိုးဆင်းလာတဲ့ ဦးကျော်ရင်ကို ဲ အသင့် စောင့်ခိုင်းထားတဲ့ ဖလင်ဂါ သင်္ဘောသားများက ဆယ်ယူလိုက်တယ်။ အဲဒီနောက်မှာတော့ သင်္ဘောအမိုးပေါ်ရပ်ပြီးပါလာတဲ့ ဦးကျော်ရင်ကို လူအုပ်ကြီးက ချီးကျူးသြဘာ အကြီးအကျယ် ပေးကြတယ်။ ပရိသတ်များကလည်း သိပ်ကို ပျော်ရွှင်နေကြတယ်။ ဒီဖြစ်ရပ်က ဆိပ်ငြိမ်လှတဲ့ မြိတ်မြို့အတွက်တော့ ဧရာမ ကြည့်ရှုစရာ မြင်ကွင်းကြီးတစ်ခုပါပဲ။

ဦးကျော်ရင်ဟာ လူအုပ်ကြီးကြားက တိုးဝှေ့ပြီး ကားပေါ်မှာထိုင်နေတဲ့ ကျွန်တော့်ဆီကို အရောက်လာပြီး နုတ်ဆက်ခဲ့ပါတယ်။ မီးပုံးပျံ မတက်ခင် ဒေါင်းအလံပေါ်မှာ ဦးကျော်ရင် ဒူးထောက်လိုက်ခြင်းအားဖြင့်  ဗမာပြည် ဒါမှမဟုတ် ဗမာလူမျိုးတို့ဟာ အထက်သို့တက်ရမည်ဆိုတဲ့ နိမိတ်ကို ဆောင်လိုက်တာဖြစ်တယ်။ နံနက်စောစောမှာ အများအားဖြင့် လေ မတိုက်တတ်ပေမယ့်လည်း အခုလိုမျိုး ပင်လယ်နဲ့နီးကပ်စွာ ပျံလိုက်တာဟာ သူ့အတွက် စွန့်စားမှုကြီးတစ်ခုဖြစ်တယ်။ ကြည့်ရှုနေတဲ့ သူများကလည်း အခုလို ရဲရဲဝံ့ဝံ့လုပ်ပြသွားတာကို အင်မတန်မှ ကျေနပ်နှစ်သိမ့်နေကြပြီး ဦးကျော်ရင် အန္တရာယ်ကနေ လွတ်မြောက်ခဲ့မှု အပေါ်မှာလည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြပါတယ်……. ဆိုပြီး မြိတ်အရေးပိုင် မောရစ်ကောလစ်က သူ့ကိုယ်တွေ့မှတ်တမ်းတစ်ခုအနေနဲ့ ရေးသားထားတာကို မှတ်သားရဖူးပါတယ်။

စာရေးဆရာ မောရစ်ကောလစ်ဆိုတာ ကိုလိုနီခေတ်အတွင်း မြိတ်မြို့မှာ တာဝန်ထန်းဆောင်ခဲ့တဲ့ အိုင်းရစ် လူမျိုးတစ်ယောက် ဖြစ်ပြီး မြန်မာအကြောင်း စာပေတွေရေးသားရင်း ကမ္ဘာကျော်သွားတဲ့ စာရေးဆရာ တစ်ဦးလည်း   ဖြစ်ပါတယ်။   မောရစ်ကောလစ်ဟာ ၁၉၁၂ ခုနှစ်မှာ မြန်မာနိုင်ငံကို  ICS အုပ်ချုပ်ရေး အရာရှိအဖြစ်နဲ့ စတင်ရောက်လာခဲ့ပါတယ်။  စစ်ကိုင်း အရေးပိုင်အဖြစ် ဆယ့်ခြောက်နှစ်ခန့် တာဝန်ထမ်းဆောင်ခဲ့ပြီး ရန်ကုန်မြို့ကို အရေးပိုင်အဖြစ်နဲ့ ပြောင်းရွှေ့လာခဲ့ပြီး ရန်ကုန်မြို့မှာ ခရိုင်ရာဇဝတ်တရားသူကြီး ရာထူးကိုလည်း ပူးတွဲ ဆောင်ရွက်ခဲ့သေးတယ်လို့ ဆိုပါတယ်။ အင်္ဂလန်နိုင်ငံကို ခွင့်ရက်ရှည် ယူပြီး ပြန်သွားခဲ့တဲ့ မောရစ်ကောလစ် မြန်မာနိုင်ငံကို ပြန်ရောက်တော့ မြိတ်မြို့မှာ အရေးပိုင်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပါတယ်။

မြိတ်မြို့မှာ တာဝန်ထမ်းဆောင်နေစဉ် အတွင်း ဆင်မြုရယ်ဝှိုက်ဆိုသူရဲ့ ဘဝဖြစ်စဉ်ကို လေ့လာ သုတေသနပြုမိပြီး Siamese White ( ယိုးဒယားဝှိက် ) ဝထ္ထုကိုရေးသားခဲ့တယ်လို့ သိရပါတယ်။ နောက်ပြီး မောရစ်ကောလစ်ဟာ သီပေါမင်း ပါတော်မူပြီးနောက်ပိုင်း မြိတ်မြို့ကို ပို့ခံရတဲ့ ဘုရင့် အနွယ်တော်များအကြောင်းကို အခြေခံ ရေးသားခဲ့တဲ့ စန္ဒမာလာဝတ္ထုကြီးကိုလည်း မြိတ်မြို့မှာပဲ ဇာတ်အိမ်တည်ပြီးထားတာ ဖြစ်ပါတယ်။ ဦးကျော်ရင် မီးပုံပျံစီးပြခဲ့တဲ့ မြင်ကွင်း ကိုယ်တွေ့မှတ်တမ်းကိုလည်း သူမြိတ်မြို့မှာ အရေးပိုင်အဖြစ် တာဝန်တန်းဆောင်နေစဉ်အတွင်း ကြုံတွေ့ခဲ့တာကို မှတ်တမ်းတင်ခဲ့တာ ဖြစ်ပါတယ်။

ရနောင် (ဒွယ်)

အကိုးအကား ။  ။

  • ဓာတ်ပုံက ပြောသော မြိတ်သမိုင်းမှတ်တိုင်များ ( မောင်ပြေချမ်း – မြိတ် )
  • မီးပုံပျံဦးကျော်ရင်အကြောင်း အင်တာနက် ဆောင်းပါးများ