၆၈ နှစ်မြောက် ပြည်ထောင်စုနေ့ အကြိုအဖြစ် တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်မြို့မှ ဒေသခံများနှင့် အခြေခံပညာ ကျောင်းသား/သူများ စုစုပေါင်းအင်အား ၁၂၀၀ ဦးဝန်းကျင်က ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် မြို့တစ်ပတ် စက်ဘီးစီးနင်းခဲ့ကြသည်။
ကျန်းမာသန်စွမ်းစေရန်၊ လောင်စာဆီ သက်သာစေရန်၊ ကာဗွန်ဒိုင် အောက်ဆိုဒ် လျှော့ချနိုင်ရန်၊ မျိုးဆက်သစ် လူငယ်စက်ဘီးစီးသူများ ပေါ်ထွန်းရန်အတွက် မြို့တစ်ပတ် စုပေါင်း စက်ဘီးလှုပ်ရှားမှုကို ပြုလုပ်ရန် စီစဉ်ရ ခြင်း ဖြစ်ကြောင်း ထားဝယ် စက်ဘီးအသင်း (Dawei Bike Association) မှ ဦးအောင်နိုင်ကပြောကြားသည်။
အဆိုပါ စုပေါင်းစက်ဘီးစီးခြင်းလှုပ်ရှားမှုတွင် ပါဝင်မည့်သူများသည် တိုင်းဒေသကြီး အားကစားကွင်းနေရာမှ နံနက် ၆ နာရီခွဲတွင် တာထွက်ခဲ့ကြပြီး မြို့တစ်ပတ် စီးကာ ရွှေဝယ်သီရိ အားကစား ရင်ပြင်တွင် ပန်းဝင်ခဲ့သည်။
ပြီးခဲ့သည့်နှစ်က ပြည်ထောင်စုနေ့တွင် စုပေါင်းစက်ဘီးလှုပ်ရှားမှုကို ပြုလုပ်ရာ စက်ဘီးသူအင်အား ၉၅၀ ဦးစီးနင်းခဲ့ကြောင်း Dawei Bike Association က မှတ်တမ်းပြုစုထားသည်။
ယင်းစုပေါင်း စက်ဘီးစီးခြင်း လှုပ်ရှားမှုကို တနင်္သာရီတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် Dawei Bike Associationတို့ ပူးပေါင်းကာ အင်နာပွန်စီမှ ပံ့ပိုးကူညီသည်။