စာကြည့်တိုက်လေး ခြောက်ခမ်း သွားတယ်

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

သည်ဖက်ခေတ်တွင် စာကြည့် တိုက်များ အလွန်ပင် ခေတ်စားလာသည်။ စတုတ္ထမဏ္ဍိုင်နှင့်အတူ ဖတ်စရာ၊ မှတ်စရာကလည်း တနေ့ထက်တနေ့ များ လာသည်။ ကဏ္ဍလည်း စုံလင်လာသည်။ စာကြည့်တိုက် ဖွင့်နိုင်ဖို့ ကိုယ်ထူကိုယ်ထ လုပ်ကြ ရသည်။ တတ်နိုင်သူများက တတ်နိုင် သလောက် ဝိုင်းဝန်းထည့်လှူ ကြသည်။ များများ မထည့်နိုင်သူများက လည်း လုပ်အားဖြင့် ဖြည့်စွက်ကြသည်။

12
ထားဝယ်မြို့ ရွှေဝယ်သီရိ အားကစားရင်ပြင်ရှိ ကလေးကစားကွင်း အတွင်းက စာကြည့်တိုက်။

သစ်ပင် စာကြည့်တိုက်

ထားဝယ်မြို့ အခမဲ့ ကလေးကစား ကွင်းထဲမှာ စာကြည့်တိုက်လေး တစ်ခုရှိသည်။ စာကြည့်တိုက်ဆိုလို့ အကြီးကြီးတော့ မဟုတ်။ ကစားကွင်း အလယ် အရိပ်ကောင်းသည့် သစ်ပင်ကြီးတစ်ရဲ့ ပတ်လည်မှာ ပုံးလေးတွေ လုပ်ပြီးကပ် ထားသည်။ နာမည်လေးက “TREE LIBRARY” အဆိုပါစာကြည့်တိုက်လေး ဖွင့်ခါစ လွန်ခဲ့သော တစ်နှစ်ခန့်က စာကလေး အိမ်ပုံစံ စာအုပ်ပုံးတွေထဲမှာ စာအုပ်တွေ အပြည့်။ သစ်ပင်ခြေရင်းက ကွပ်ပျစ်ပေါ် မှာ ဂျာနယ်မျိုးစုခင်းကျင်းထားတာ တွေ့ရသည်။

အခုတခေါက် ရောက်ဖြစ်တော့ စာအုပ်ပုံးလေးတွေက ခြောက်ကပ်နေ သည်။ စာရွက်ထောင့်တွေ တွန့်လိမ် နေသည့် စာအုပ်ဟောင်း သုံးလေးအုပ် ပုံးအောက်ခြေမှာကပ်နေသည်။ “ယခုအပတ်ထုတ် ဂျာနယ်များ” ဆိုသော စာအုပ်စင်တွင် အဖုံးမပါသော၊ တစ်ရွက်စီ ဖြုတ်ထားသော ဂျာနယ်သစ်၊ သတင်းစာသစ်များကို တွေ့ရသည်။

အရင်ကတွေ့ခဲ့ရသော စာအုပ် ပေါင်းများစွာ ဘယ်ရောက်သွားသလဲ သိချင်မိသည်။ အပတ်စဉ်ထုတ်၊ နေ့စဉ် ထုတ် ဂျာနယ်တွေ၊ သတင်းစာတွေ ဘယ်ပျောက်သွားသလဲ စပ်စုချင်မိ သည်။

ကျောင်းပိတ်ရက်မို့ ကစားကွင်း သစ်ပင်ရိပ်အောက်တွေမှာ ကလေးများ မုန့်စားသူကစား၊ ဆော့သူကဆော့။ အနောက်ဖက် ထောင့်မှာတော့ ကောင် လေးနှင့် ကောင်မလေး။ လူအများရှိတဲ့ ဖက်ကို ကျောခိုင်းထားသော်လည်း ယဉ်ယဉ်ကျေးကျေး စကားပြော နေသော စုံတွဲ ဖြစ်သည်။ သို့သော် သူတို့နှစ်ယောက်စလုံး စာရွက် ဖြူဖြူထူထူ တစ်ရွက်စီ ဖင်ခု ထိုင်ထားသည်။ သူတို့အနား ကပ်ပြီး သွားကြည့်လိုက်မိပါသည်။ သေချာ ပါသည် အခုနက စာအုပ်စင်ပေါ်က ယနေ့ထုတ် စာစောင်နှစ်စောင်၏ မျက်နှာဖုံး စာမျက်နှာများ ဖြစ်နေသည်။ ကောင်လေးက သူ့ကောင်မလေးရဲ့ အောက်ပိုင်းကြည့်ရမလား ဆိုတဲ့ ပုံစံမျိုးနဲ့ ဘုကြည့်ကြည့်တာကို ခံလိုက် ရသေးသည်။

မိသားစုအလိုက် ကွပ်ပျစ်အပေါ် ထမင်းစားနေသူများကလည်း စာကြည့်တိုက်က သတင်းစာလေးတွေ ခင်းလို့။ အမှိုက်ပုံးထဲမှာလဲ လက်သုတ်သတင်းစာတွေ အလုံးလိုက်။ သည်လောက်နဲ့တင် ဒီစာကြည့် တိုက်လေးရဲ့ သတင်းစာ ဂျာနယ်တွေရဲ့ အခြေအနေကို သဘောပေါက် မိပါပြီ။

ကစားကွင်းအစောင့် ဝန်ထမ်းကို တွေ့ ပါပြီ။ သိချင်လှပြီဖြစ်သည့် စာအုပ် တွေအကြောင်း မေးမြန်းခွင့်ရခဲ့ပါ သည်။

“စာကြည့်တိုက် နဲ့ ကစားကွင်း ဖွင့်ခါစက စာအုပ်တွေ စာစောင်တွေ အပြည့်ပဲ။ ကလေးတွေရော လူကြီးတွေပါ အရမ်းဖတ်ကြတယ်။ စာအုပ်စီဖို့တောင် လက်မလည်ဘူး။ ဒါပေမယ့် တချို့ လူတွေက လစ်ရင်လစ်သလို ယူသွား ကြတယ်။ တခါတလေ မျက်စိအောက်မှာ တင် ခါးကြားထိုး ပြီးထွက်သွားတယ်။ လိုက်တောင်းတော့မှ ဖတ်မပြီးသေးလို့၊ မေ့သွားလို့ စသဖြင့်။ ခပ်တည်တည် ပဲ။

ဒီလိုနဲ့ပဲ စာအုပ်တွေက တစ်နေ့ ထက်တစ်နေ့ လျှော့လျှော့လာတယ်။ ကစားကွင်းဖွင့်ပြီး ရက် ၈၀ ပြည့်တဲ့ နေ့မှာ စာအုပ်တွေ ပြန်ရေ ကြည့်တော့ အုပ် ၈၀ ကျော်ပျောက်နေတယ်။ အလှူ ရှင်ကလည်း စိတ်တော် တော်ကုန်သွား တယ်ထင်တယ်။ စာအုပ်အသစ်တွေ ထပ်ဝယ်ထည့်မပေးတော့ဘူး။ ကျွန်တော့်မှာလည်း ကလေးကစား ကွင်းကို အမေ အဖေတွေပါ တက်စီးလို့ တောက်လျောက် လိုက်ကြည့်နေရတယ်။ တခါတလေ ကျွန်တော့်ကိုတောင် ရန်လုပ်ချင်သေးတယ်ဗျာ”

သူရှင်းပြမှပဲ ဘာဆက်ပြောရမှန်း မသိဘဲ ဖြစ်ရတော့သည်။

ကျေးရွာစာကြည့်တိုက်

မြို့နှင့်ရွာ အတော်များများတွင် စာကြည့်တိုက်ကိုယ်စီ ရှိနေကြပြီဖြစ် သည်။ စာအုပ်တွေလည်း စိုစိုပြေပြေ ရှိနေကြသည်။ သို့သော် စာဖတ် သူ နည်းပြီး ခြောက်ကပ်ကပ်ဖြစ်နေတတ် ပြန်သည်။ အချို့ဆို အတော်ဆိုးပါသည်။ စာကြည့်တိုက် တံခါးပင်လာမဖွင့် တော့ပါ။ လူကြီးတစ်ခါလာမှ တစ်ခါ ဖွင့်သော စာကြည့်တိုက်ပေါင်း များစွာ သည်လည်း မြန်မာပြည်တွင်သာ ရှိမည် ထင်သည်။ ပေးကားပေး၏မရ ဖြစ်နေ သည်။ တချို့စာကြည့်တိုက်များမှာမူ စာလာဖတ်သူ လူလတ်ပိုင်း၊ လူကြီးပိုင်း များကို တွေ့ရလေ့ရှိသည်။ စာကြည့်တိုက်သို့ ကလေးနှင့် လူငယ်များပါ များများ ရောက်လာအောင် ဆွဲဆောင် နိုင်ရပေမည်။ ပျက်စီးပြီးသော လူလတ်ပိုင်းများကို လိမ်မာအောင် ပြုပြင် ထိန်းသိမ်းဖို့ အင်မတန် ခက်ခဲပါသည်။ သို့သော် မပျက်စီး သေးသော လူငယ်များအား လမ်းမှား မရောက်အောင် စာအုပ်စာပေများက လွယ်ကူစွာ ထိန်းသိမ်းပေး နိုင်စွမ်း ရှိပေသည်။ စာကြည့်တိုက်အနီးမှာ ပုခက်၊ စီးလျှော၊ မုန့်ဆိုင်နှင့် လက်လုပ်ကစားစရာများ ဖန်တီးပေးသင့် ပေသည်။ သို့ဆိုလျှင် ကလေးများ ကိုယ်တိုင် စာကြည့်တိုက်နားသွားဖို့ မိဘများကို ဆွဲခေါ်ပေလိမ့်မည်။ တစ် နေကုန် ကျောင်းစာတွေချည်း သွတ် သွင်းခံထားရတဲ့ ကျောင်းသား ကျောင်းသူများအတွက် စိတ်ဖြေစရာ ထွက် ပေါက်နေရာလေး ဖြစ်လာနိုင် သည်။

ဒေသတစ်ခု၏ စာကြည့်တိုက်များ အလုပ်ဖြစ်မှု မဖြစ်မှု၊ စာဖတ်သူနည်းမှု များမှုများသည် ၎င်းဒေသရှိ လူငယ်များ ၏ အစွမ်းအစ အပေါ် များစွာမူ တည်သည်။ သူများ စာကြည့်တိုက် ကိုယ်စာကြည့်တိုက် လိုက်လုပ်ပြီး ကောက်ရိုးမီးလူငယ်မျိုး မဖြစ်သင့်ပါ။ ငွေကြေးများစွာ ထည့်ဝင်ကြရပြီး ဖွတ်မရ ဓားမဆုံး အဖြစ်အပျက်များ မကြာခဏဆိုသလို ကြားနေရပါသည်။ ထမင်းဆိုင်ရောင်း သကဲ့သို့ပင် ဖြစ်သည်။ ထမင်းဟင်းများ အမြဲတမ်း ပူနေ၊ လတ်ဆတ်နေ၊ ဆန်းသစ်နေမှ သာလျှင် စားသုံးသူများများ လာရောက် ပေမည်။

ထို့အတူ စာကြည့်တိုက်များတွင် လည်း စာအုပ်အသစ်များ အခါအား လျော်စွာ ဖြည့်တင်းပေးနိုင်ရပါမည်။ အပတ်စဉ်ထုတ် သတင်း နှင့် အားက စားစာစောင်များကိုလည်း ပုံမှန်ရောက် အောင် စီစဉ်ထားပေးသင့်သည်။ တချို့ ရွာများတွင် လူငယ်များတစ်လတစ် ထောင် စီထည့်ဝင်ပြီး လက်ဖက်ရည်ဆိုင် စာကြည့်တိုက်လေး လုပ်ထားတာ တွေ့ ဖူးသည်။ တက်ကျမ်းစာအုပ် အနည်းငယ် သာရှိသော်လည်း အဓိက အပတ်စဉ်ထုတ် ဂျာနယ်အစုံရှိသည်။

နယ်သွားကားဂိတ် အရောက်ပို့ဖြင့် လပေးယူထားသည်။ မြို့တက်ကားက နေ့စဉ်ယူလာပေးပြီး ရွာလည်လက်ဖက် ရည်ဆိုင်ကိုအရောက်ပို့ပေးသည်။ ရွာ သားများမှာ လက်ဖက်ရည်သောက်ရင်း နေ့စဉ်စာအုပ်စာပေများနှင့် ထိတွေခွင့် ရကြသည်။ အတုယူဖွယ် ကျေးလက် လက်ဖက်ရည်ဆိုင် စာကြည့်တိုက်က လေးပင် ဖြစ်ပေသည်။

 

ကျောင်းစာကြည့်တိုက်

စာသင်ကျောင်း တစ်ကျောင်းတွင် စာကြည့်တိုက်စုတ်ပြတ်နေလျှင် အိမ်သာလည်း စုတ်ပြတ်နေတတ်သည်။ အိမ် သာမကောင်းလျှင် သန့်ရှင်းရေး လည်း မကောင်းနိုင်ပါ။ ကျောင်းစာ ကြည့်တိုက်နှင့် ဘက်စုံ တိုးတက်ချင် လျှင် နိုင်ငံတော်ကိုချည်း စောင့်နေ၍ မဖြစ်ပါ။ ကျောင်းသားဆီမှာ ပိုက်ဆံ ကောက်လျှင် အင်တာနက်တင်ဖို့ ချောင်းနေရုံနှင့်လည်း မပြီးပါ။ ကျောင်းသားများခမျာ ညွှန် ကြားချက်နှင့် မူဘောင်အကြား ပိတ်မိနေ တတ်ပါသည်။ မလုပ်မရှုပ် မပြုတ် ကျောင်းအုပ်ကြီးမျိုး ဖြစ်နေလျှင် ပိုဆိုးသည်။ တချို့ ကျောင်းအကျိုး တော်ဆောင် ဥက္ကဋ္ဌဆိုသူများမှာ အသက်ရွယ်ကြီးပြီး မလုပ်ရဲ မကိုင်ရဲ တာဝန်မယူရဲသူများ ဖြစ်နေတတ်သည်။

ဤအခါမျိုးတွင် တက်ကြွသော လူငယ်များက ဝင်ရောက်တာဝန်ခံ တာ ဝန်ယူသင့်ပေသည်။ မိမိသားသမီး၏ အနာဂါတ်ကို ပျိုးထောင်လိုလျှင် စာ သင်ကျောင်းမှ စတင်ရပေမည်။ စာ ကြည့်တိုက်၊ အိမ်သာ၊ ကျောင်းတွင်း ကစားကွင်း စသည်များကို အဆင့်မီမီ လုပ်ထားပေးမှ မိမိသားသမီးများမှာ လည်း အဆင့်မီကျောင်းသား များ ဖြစ်လာနိုင်ပေမည်။

ကျောင်းသူ ကျောင်းသားများကို စာကြည့်တိုက်သွားအောင် အတင်း အကြပ်တွန်းပို့၍ရကောင်းသောအရာ မဟုတ်ပါ။ ဥပမာ ကျောင်းတွင်း အစမ်းစာပေးပွဲများတွင် “ချစ်စံဝင်း သည် စာရေးဆရာ(သို့)ဆရာမ ဖြစ် သည်၊ ကိုတွတ်ပီ၏ တပည့်ကျော်နာမည် မှာ(ကွက်လပ်) ဖြစ်သည်။” စသည့် မေးခွန်းမျိုး ထည့်မေးမည်ဆိုပါက ကျောင်းသားများ စာကြည့်တိုက်ထဲ ရောက်လာပါလိမ့်မည်။ အမေ၊ အဖေ၊ လူကြီးများကို မေးတတ်မြန်းတတ် လာပါလိမ့်မည်။

ဆရာကြီးဦးအောင်သင်းက “စာကြည့်တိုက်တွင် လူများလေလေ ထောင်ထဲမှာ လူနည်းလေလေပဲ”ဟု မကွယ်လွန်မီ အချိန်အထိ အထပ်ထပ် အခါခါ ပြောခဲ့ပါသည်။ ဆရာတော် ဦးဇောတိက ကလည်း “စာအုပ်အား လုံးဟာ ကောင်းတာချည်းများတယ်၊ သို့သော် အကောင်းဆုံးကို အရင်ဆုံး ရွေးဖတ်ပါ”ဟု ဆိုဆုံးမထားပါသည်။ ဖေ့စ်ဘွတ်ခ် မှာပေါ်လာသမျှ တစ် နေကုန် ပွတ်ပြီး ဖတ်နေသော လူကြီး လူငယ်များ မှတ်သားသင့်ပေသည်။ ကိုယ်တိုင် စာဖတ်ခြင်းသည် ကောင်း သည်။ သူတပါး စာဖတ်နိုင်အောင် စာကြည့်တိုက်ဖွင့်ပေးခြင်း၊ စာအုပ် ဝယ်လှူခြင်းမှာ သာ၍ပင် ကောင်းပေ သည်။ စာကြည့်တိုက်မှ စာအုပ်ငှားပြီး ပြန်မပေးခြင်း၊ မဂ္ဂဇင်းစာအုပ်မှ ကိုယ် ကြိုက်သည့် စာမျက်နှာများကို ဆုတ် ထားခဲ့ခြင်း၊ အများပြည်သူဖတ်ရှုရန် ထားရှိသော စာအုပ်များကို တစ်ယောက် တည်းဖတ်ရန်ရယူခြင်းများကို ရှောင်ရှား သင့်ပေသည်။

အကယ်၍ စာအုပ်စာစောင်များမှ မိမိမှတ်သားလိုသော အကြောင်းအရာ များတွေ့ရှိပါက ဖုန်းကင်မရာဖြင့် ဓာတ်ပုံရိုက်ကာ သိမ်းဆည်းသင့်ပါ ကြောင်း အကြံပေးတင်ပြလိုက်ရ ပါသည်။