မြိတ် သပိတ်မှောက်ကျောင်းသား မိဘကို လက်မှတ်ထိုးခိုင်းမှု ပြန်တောင်းပန်

0
883

မြိတ်တက္ကသိုလ် ပါမောက္ခချုပ်၏ အမိန့်ဖြင့်ဟုဆိုကာ ကျောင်းသားများဆန္ဒပြနေသည်ကို မိဘများ သိရှိခြင်း ရှိမရှိ လက်မှတ်ရေးထိုးခိုင်းခဲ့မှုကို မြိတ်တက္ကသိုလ်ကပြန်လည် တောင်းပန်ခဲ့ကြောင်း ကျောင်းသား မိဘများထံမှ သိရသည်။

DSC_0338
ကျောင်းရှေ့မှ ၀င်ခွင့်မရသဖြင့် နောက်ပေါက်မှ ၀င်ခဲ့ရသော သပိတ်မှောက် ကျောင်းသားများ၊ ဓာတ်ပုံ – ဇော်ဇော်

မြိတ်တွင် သပိတ်မှောက်ကျောင်းသားများအား ဆက်လက် ဆန္ဒပြခြင်းမလုပ်ရန် ဖေဖော်ဝါရီလ ၉ ရက်နေ့ ညက သပိတ်စစ်ကြောင်းပါ ဆန္ဒပြကျောင်းသားကျောင်းသူများ၏ မိဘများကို ၀န်ခံဂတိ လက်မှတ်များ လာထိုးရောက်ထိုးခိုင်းခိုင်းပြီး ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ကျောင်းတက္ကသိုလ်မှ ဌာနမှူး တစ်ဦးက လာရောက်တောင်းပန်ခဲ့ကြောင်း ယင်းတို့ထံမှ သိရသည်။

“ပထမရက် လက်မှတ်လာထိုးခိုင်းတော့ နည်းနည်းတော့ စိုးရိမ်သွားတာပေါ့။ ဒီနေ့ လာတောင်းပန်တော့ နားလည်ပေးလိုက်ပါတယ်”ဟု သပိတ်မှောက်ရာတွင် ပါဝင်သော မြိတ်တက္ကသိုလ် ဒုတိယနှစ် ကျောင်းသား၏ မိခင်ဖြစ်သူကဆိုသည်။

ယင်းအပြင် ပထမနေ့ သပိတ်စစ်ကြောင်းပါ  အလယ်တန်းကျောင်းသားများကိုလည်း ဆက်လက် မလိုက်ရန် ကျောင်းသားမိဘများကို ဟန့်တားထားကြောင်း သိရသည်။

မြိတ် ကျောင်းသားသပိတ်အား စတင်ပြီးနောက် နောက်တစ်ရက် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ဒုတိယနေ့အဖြစ် ကျောင်းသူ/သား အင်အား ၁၀၀ ဦးကျော်ဖြင့် နည်းပညာတက္ကသိုလ်ကျောင်းသို့ ချီတက်ရာ ကျောင်းဝင်းအတွင်းကို ၀င်ခွင့်မပြု၍ နံဘေးပေါက်မှ ချီတက်ခဲ့ကြောင်း ဆန္ဒထုတ်ဖော် ကျောင်းသားများထံမှ သိရသည်။

နေ့လယ် ၁၁ နာရီအချိန်တွင် ကဘင်းကျေးရွာရှိ မြိတ် နည်းပညာတက္ကသိုလ် ကျောင်းမုဒ်ဦးအ၀သို့ ရောက်ရှိစဉ် ကျောင်းအတွင်းသို့ မ၀င်ရန် တားမြစ်ခံခဲ့ရသည်။

“ကျောင်းသားတွေ အေးအေးချမ်းချမ်းနဲ့ ကျောင်းတက်နေပါတယ် အထဲကိုတော့ ၀င်ခွင့်မပြုနိုင်ပါဘူး”ဟု  ကျောင်းအုပ်ဆရာကြီး ဒေါက်တာ တင်ဆန်းက ပြောကြားသည်။

နည်းပညာတက္ကသိုလ်ကျောင်းအတွင်းသို့ ၀င်ခွင့်မပြုခြင်းအပေါ် ဆန္ဒပြကျောင်းသားများက ကျောင်းရှေ့တွင် မိနစ် နှစ်ဆယ်ခန့် ထိုင်သပိတ်စတင်ခဲ့သည်။

ကျောင်းတံခါး အပြင်တွင်လည်း အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးကိစ္စကို ဥပဒေဘောင်အတွင်းမှ ဆောင်ရွက်သင့်သည်၊ အေးချမ်းစွာပညာသင်ကြားနေသော ကျောင်းသား၊
ကျောင်းသူများအား မနှောင့်ယှက်ပါနှင့်၊ ပြင်ပအနှောက်ယှက်ကြောင့် စာမေးပွဲ
ရက်ရွေ့ခြင်းအား ကျောင်းသား၊ ကျောင်းသူများ မလိုလားပါ၊ အေးချမ်းစွာ ပညာသင်ကြားလိုသော ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများကို ငဲ့ညှာပါ၊ တွေ့ဆုံဆွေးနွေး အဖြေရှာခြင်းဖြင့် ကောင်းမွန်သော ပညာရေးစနစ် ပေါ်ထွန်းလာမှုကို ကြိုဆိုပါသည်ဟု ဗီနိုင်း ဆိုင်းဘုတ်များကို ချိတ်ဆွဲထားကြောင်း သိရသည်။