မြိတ်- ရန်ကုန် အဝေးပြေးယာဉ်လိုင်းတချို့ ယာဉ်ထွက်ခွာချိန် ပြောင်း

0
728

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့မှ ရန်ကုန် မြို့သို့ ပြေးဆွဲနေသော အဝေးပြေးမှန်လုံ ခရီးသည်တင်ယာဉ်လိုင်း တချို့သည် ယခုနှစ် နှစ်ဆန်းပိုင်းမှ စပြီး အချိန်ပြောင်း ပြေးဆွဲလာကြကြောင်း အဆိုပါ ယာဉ်လိုင်းများ ထံမှ သိရသည်။

1 (4)
မြိတ်မှ ညနေပိုင်း ထွက်ခွာသော ယာဉ်တစ်စီး။ ဓာတ်ပုံ – ဇော်ဇော်

ယခင်က နံနက် ၃ နာရီတွင် မြိတ်မြို့မှ ထွက်ခွာလေ့ရှိသည့် ယာဉ်လိုင်းများသည် လက်ရှိတွင် ညနေ ၆ နာရီ၊ ၆ နာရီခွဲ အချိန်သို့ ပြောင်းလဲ ပြေးဆွဲလာခြင်းဖြစ်ကြောင်း အချိန်ပြောင်းပြေးဆွဲကြသည့် အန်တီဝင်း(ATW) ယာဉ်လိုင်းနှင့် ရွှေပုလဲသီ ယာဉ်လိုင်းများထံမှ သိရသည်။

နံနက်ပိုင်းတွင် ခရီးသွားများ အိပ်ရေး အပျက်ခံပြီး ကားထစီးရခြင်း၊ အိပ်ယာထနောက်ကျသဖြင့် ကားကျန်ခဲ့ခြင်း စသဖြင့် မဖြစ်စေရန် ယင်းသို့ အချိန်ပြောင်း ပြေးဆွဲခြင်းဖြစ်ကြောင်း အထက်ပါ ယာဉ်လိုင်းနှစ်ခု၏ ဂိတ်တာဝန်ခံများက ပြောသည်။

“ ညနေ ၆ နာရီ မြိတ်က ထွက်ရင် ထားဝယ်ကို မနက် ၃ နာရီရောက်တယ်။ မနက် ၅ နာရီ ထားဝယ်က ထွက်ရင် မော်လမြိုင်ကို နေ့လွဲ ၂ နာရီခွဲလောက် ရောက်ပြီး ရန်ကုန်ကို ညဦးပိုင်းလောက်ရောက်တယ်”ဟု ရွှေပုလဲသီ ယာဉ်လိုင်းမှ ဂိတ်မှူးက ဆိုသည်။

ယင်းသို့ ယာဉ်လိုင်းတချို့ အချိန်ပြောင်း ပြေးဆွဲလာသည့်အတွက် အချိန်ပြောင်းပြေးဆွဲရန် ပြင်ဆင်နေကြကြောင်း ခရီးသည်တင် ယာဉ်လိုင်းအသိုင်းအ၀ိုင်းက ပြောသည်။

အချိန်ပြောင်း ပြေးဆွဲခြင်းသည် မြိတ်မှ ရန်ကုန်ခရီးစဉ်တစ်ခုတည်းသာဖြစ်ပြီး၊ ရန်ကုန်မှ မြိတ်ခရီးစဉ်မှာ ယခင်
အတိုင်းဖြစ်ကြောင်း သိရသည်။