မြိတ် ကျောင်းသား သပိတ်ကို မီးသတ်ကားဖြင့် အာရုံပြောင်း

0
885

မြို့ပေါ်လူထု အာရုံထွေပြားသွားစေရန် မြိတ်တက္ကသိုလ်ကျောင်းသားများ ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက်ပိုင်းက စတင် ဆန္ဒပြနေစဉ် မီးလောင်နေသည်ဟု အာရုံပြောင်းခံရကြောင်း ကျောင်းသားသပိတ်နှင့် အတူလိုက်ပါသည့် ဒေသခံများထံမှ သိရသည်။

myeik student
ဓာတ်ပုံ – ဇော်ဇော်

သပိတ်မှောက် ကျောင်းသားများ မြိတ်တက္ကသိုလ်ကျောင်းဝင်းအတွင်းမှ ပြန်ထွက်စဉ်
မီးလောင်နေသည်ဟုဆိုကာ ခရိုင်မီးသတ်တပ်ဖွဲ့မှူးရုံးမှ မီးသတ်ကား လေးစီး ဥသြဆွဲကာရောက်လာခဲ့ပြီး ကျောင်းအရှေ့တွင် ဟောပြောရန် စုစည်းနေသော သပိတ်မှောက်ကျောင်းသားများနှင့် ထိပ်တိုက်တိုးခဲ့ခြင်း ဖြစ်သည်။

ထိုသို့ လုပ်ဆောင်ခြင်းမှာ ဆန္ဒပြနေစဉ် အဓိကရုဏ်းဖြစ်ရန် တမင်ဖန်တီးခြင်းဖြစ်ကြောင်း မြို့ခံများက ယူဆကြသည်။

သို့သော် လူတစ်ဦး ဖုန်းဆက်ကာ သတင်းမှားပေးသဖြင့် မီးသတ်ကားလွတ်လိုက်ရခြင်းဖြစ်ကြောင်း ခရိုင်မီးသတ်တပ်ဖွဲ့မှူးရုံးက ပြန်လည် ဖြေရှင်းသည်။

“သတင်းမှားပေးလို့ ကျောင်းသားသပိတ်မှောက်ပွဲနဲ့ ထိပ်တိုက်တွေ့ရတာပါ။ ဒေသခံများဘက်မှ
အထင်အမြင်လွဲမှားမူဖြစ်သွားရခြင်းဖြစ်ပါတယ်”ဟု မြိတ်ခရိုင် မီးသတ်တပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

ကျောင်းသားသပိတ်အဖွဲ့ မြိတ်တက္ကသိုလ်နယ်မြေသို့ ၀င်ရောက်စဉ် အဝင်ဝတွင် တက္ကသိုလ်ကျောင်းအုပ်ဆရာမကြီး ပါမေက္ခချုပ် ဒေါက်တာ စီစီလှဘူးနှင့်
ဆရာဆရာမများ၏ တားမြစ်ခြင်းကို ခံခဲ့ရသည်ဟု သပိတ်မှောက် ကျောင်းသားများအဖွဲ့ဝင်များ ထံမှသိရသည်။

“ကျောင်းသားများကို ကျောင်းဝင်းအထဲသို့ မဝင်ရောက်ရန် မေတ္တာရပ်ခံပါတယ်။
ဒီလောက်နဲ့ကျေနပ်ပါတော့”ဟု ပါမေက္ခချုပ် ဒေါက်တာ စီစီလှဘူးက သပိတ်မှောက် ကျောင်းသားများကို ပြောသည်။

ကျောင်းသားသပိတ်အဖွဲ့များ မြိတ်တက္ကသိုလ်အဝင်ဝမုဒ်ဦးရှေ့တွင်သပိတ်မှောက်တိုက်ပွဲဝင်နေစဉ် ကြေးနန်းကြိုးဖြင့်ချည်နှောင်ထားသည့် မုဒ်ဦးနံဘေးအပေါက် ဖွင့်ထွက်သွားသဖြင့် ကျောင်းသားသပိတ်အဖွဲ့
ကျောင်းဝင်းထဲသို့ ဝင်ရောက်ခဲ့သည်ဟု သိရသည်။

သပိတ်တိုက်ပွဲဆက်လက်ဆင်နွဲရန် သုံးရက်ခန့်စောင့်ကြည့်ပြီး ရန်ကုန်ကျောင်းသားသပိတ်များနှင့် ပူးပေါင်း ဆောင်ရွက်မည့်ကိစ္စကို အစည်းအဝေးထိုင်ပြီး ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း မြိတ် ခရိုင် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုစိုးသက်ထွန်းက ပြောသည်။

အမျိုးသားပညာရေးဥပဒေပြုပြင်ပြောင်းလဲရေး တောင်းဆိုချက် ၁၁ ချက်ကို တောင်းဆိုကြပြီး ကျောင်းသားလူထုကို အခြေမခံသည့် အမျိုးသားပညာရေးဥပဒေ အလိုမရှိ၊ ဒီမိုကျရေစီပညာရေး ဒို့အရေး၊ ကျောင်းသားသမဂ္ဂများ တရားဝင်လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရရှိရေး ဒို့အရေး၊ အရေးတော်ပုံ အောင်ရမည်
ကြွေးကြော်သံများဖြင့် ချီတက် သပိတ်မှောက်ခဲ့သည်။

ထားဝယ်ဒေသမှ တက္ကသိုလ်ကျောင်းသားများ မွန်ပြည်နယ် ကျောင်းသားများနှင့် သွားရောက်ပူးပေါင်း ဆန္ဒပြနေချိန် မြိတ်မြို့ပေါ်တွင် ကျောင်းသားအင်အား ၂၀ ဦးခန့်တွင် စတင်ခဲ့သော သပိတ်ချီတက်ရာ
လမ်းတစ်လျှောက်တွင် တက္ကသိုလ်ကျောင်းသားတစ်ချို့ပါဝင်လာသဖြင့် အင်အား ၁၀၀
ဦးကျော်ခန့် အထိရှိလာသည်ဟု ကျောင်းသားသပိတ်အဖွဲ့ထံမှ သိရသည်။

ယင်းသပိတ်မှောက်ကျောင်းသားများနှင့်အတူ ဒေသခံများမှ မော်တော်ဆိုင်ကယ်များ၊ ခြေလျင်များဖြင့်
နောက်မှလိုက်လံကြည့်ရှုအားပေးကြသူဦးရေ ၁၀၀၀ ခန့်အထိ ရှိခဲ့သည်ဟု ဒေသခံများ ထံမှ သိရသည်။