တနင်္သာရီတွင် မွန်လူဦးရေ သုံးပုံနှစ်ပုံခန့် နိုင်ငံသားစိစစ်ရေးကတ်မရှိ

0
828

တနင်္သာရီတိုင်းဒေသကြီးအတွင်း၌ ကောက်ခံရရှိခဲ့သည့် မွန်လူဦးရေများအနက် သုံးပုံ နှစ်ပုံခန့်သည် နိုင်ငံသားစီစစ်ရေးကတ် မရှိကြသေးသူများဖြစ်သည်ဟု မွန်လူဦးရေစာရင်း ပြုစုရေးကော်မတီက ပြောကြားသည်။

DSC_1330
မွန်အမျိုးသားနေ့၊ ပြည်သူ့ရင်ပြင်၊ ရန်ကုန်။ ဓာတ်ပုံ- သက်ဇော်ထွန်း

တနင်္သာရီတိုင်းဒေသကြီးရှိ မွန်လူဦးရေစာရင်းအမှန် သိရှိနိုင်ရန်နှင့် မွန်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တဦး ရွေးချယ်ခံနိုင်ခွင့် ရရှိနိုင်ရန်အတွက် မွန်လူဦးရေစာရင်း ပြုစုရေးကော်မတီတို့မှ ၂၀၁၄ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလထိ ကောက်ခံခဲ့ရာ မွန်လူဦးရေ စုစုပေါင်း ၆၂၃၆၆ ကျော် ရရှိထားသည်ဟု ယင်းကော်မတီထံမှ သိရသည်။

ကောက်ခံရရှိထားသော စာရင်းများအရ လူဦးရေ လေးသောင်းနီးပါးမှာ နိုင်ငံသား စိစစ်ရေးကတ်မရှိဘဲ ယင်းအနက် ၁၆၀၀၀ ကျော်မှာ အရွယ်ရောက်ပြီး စိစစ်ရေး ကတ်မရှိသူများဖြစ်ကြောင်း မွန်လူဦးရေစာရင်း ပြုစုရေးကော်မတီဝင် နိုင်စိန်တီးက ပြောသည်။

၎င်းပြင် ကောက်ခံရရှိထားသည့် မွန်လူဦးရေစာရင်းများအနက် ၈၉၈၁ ဦးသည် အကြောင်းအမျိုးမျိုးကြောင့် မွန်လူမျိုးအဖြစ် စာရင်းပေးသွင်းမှု လွဲမှားနေပြီး မွန်လူမျိုးအဖြစ် ပြန်လည်ဖော်ပြလိုသူများဖြစ်သည်ဟုလည်း ၄င်းက ပြောသည်။

“တချို့ကတော့ ဗမာစကားတောင် မပြောတက်ဘူး။ ဒါပေမယ့် နိုင်ငံသားစိစစ်ရေးကတ်မှာ အိမ်ထောင်စုစာရင်းမှာကတော့ ဗမာဆိုပြီးတော့ ဖော်ပြခံထားရတာတွေ အများကြီးတွေ့ရှိရတယ်” ဟု နိုင်စိန်တီးက ပြောသည်။

မွန်လူဦးရေစာရင်း ပြုစုရေးကော်မတီအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်မရှိသူများနှင့် အိမ်ထောင်စုစာရင်း မရှိသေးသည့် မိသားစုများအား လုပ်ထုံးလုပ်နည်းနှင့်အညီ ပြုလုပ်ပေးရန်နှင့် လူမျိုးအမည်လွဲမှား ဖော်ပြခံထားရသူများအား ၄င်းတို့ ဖော်ပြလိုသည့်လူမျိုးအတိုင်း ပြောင်းလဲဖော်ပြခွင့်ရရေး ဆောင်ရွက်ပေးရန် သက်ဆိုင်ရာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပြည်ထောင်စုအစိုးရအဖွဲ့၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တို့ထံ ၂၀၁၄ နိုဝင်ဘာလခန့်က တင်ထားသည့် အစီရင်ခံစာတွင် အကြံပြု တောင်းဆိုထားသည်။

“ကျွန်တော်တို့ အစီရင်ခံစာတင်ပြီးတဲ့နောက်မှာ လဝကကနေ ဆက်သွယ်မေးလာတာရှိတယ်၊ ကျွန်တော်တို့က ကောက်ခံရထားတဲ့ စာရင်းဇယားတွေကို ဥပမာ ရေဖြူမြို့နယ်မှာ မှတ်ပုံတင်မရှိတဲ့လူ ဦးရေစုစုပေါင်းမျမ်းမျှဘယ်လောက်ရှိလဲ။ ကျွန်တော်တို့ ပြုစုထားတဲ့ စာရင်း ဇယားကို ပေးလိုက်တယ်၊ လုပ်ပေးဖို့ အစီအစဉ်ရှိတယ်” ဟု ကော်မတီဝင် ကိုကျော်ခိုင်ဝင်းက ပြောသည်။

တနင်္သာရီတိုင်းဒေသကြီး၌ မွန်လူဦးရေစာရင်း ခြောက်သောင်းကျော် ကောက်ခံရရှိထားသည့်အတွက် လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် မွန်တိုင်းရင်းသားရေးရာဝန်ကြီး ရွေးချယ်နိုင်ရန်လည်း တင်ပြတောင်းဆိုထားကြောင်း ကော်မတီက ပြောသည်။

မွန်လူဦးရေးအများအပြားနေထိုင်လျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းနှင့် တနင်္သာရီတိုင်းကဲ့သို့သော နေရာဒေသများတွင် မွန်လူဦးရေ ၅၇၀၀၀ ထောင်မပြည့်ဟုဆိုပြီး ၂၀၁၀ ရွေးကောက်ပွဲကျင်းပစဉ်က မွန်တိုင်းရင်းသားလူမျိုးရေးရာ ကိုယ်စားလှယ်ရွေးချယ်ခွင့် မရရှိခဲ့ပေ။