ကော့သောင်းမြို့ပေါ်တွင် မီးလောင်

0
860

ကော့သောင်းမြို့နယ်၊ ရွှေဇင်ယော်ရပ်ကွက်၊ စိန်ပန်းလမ်း တွင် ဖေဖော်ဝါရီလ ၇ ရက်နေ့ ည ၉ နာရီခန့် အချိန်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူနေအိမ် ၂ လုံးနှင့် အခန်းတွဲ ၃ တွဲ မီးလောင်ခဲ့ကြောင်း  သက်ဆိုင်ရာ အုပ်ချုပ်ရေးထံမှသိရသည်။

20150207_213256
ဓာတ်ပုံ – နိုင်သစ်

အခန်းတွဲ ၃ တွဲ ထိပ်ဆုံးခန်းအနောက်ဘက်မှ စတင် မီးလောင်ကျွမ်းခဲ့ပြီး ကျန်နေအိမ်များပါ မီးကူးစက်ကာ လောင်ကျွမ်းပြီး အိမ်ထောင်စု ၅ စု မီးဘေးသင့်ခဲ့ကြောင်း ၎င်းတို့ကဆိုသည်။

“မီးစမြင်တဲ့အခန်းကတံခါး ပိတ်ထားတယ်။ လူတွေမရှိကြဘူး။ မီးလောင်တယ်မထင်ဘူး။ နောက်တော့မှ မီးအရှိန်တဖြည်းဖြည်းမြင့်လာတော့အခန်းတွဲ။ အလယ်ကအဖွားနဲ့ ကြည့်လိုက်တော့ မီးလောင်နေမှန်းသိတာနဲ့ နဘေးအိမ်တွေ အကူအညီခေါ်ပြီး ရေတွေသဲတွေနဲ့ ဝိုင်းပစ်ကြတယ် လေကအရမ်းတိုက်နေ တော့မနိုင်တော့ဘူး” ဟု မီးလောင်အခန်းတွဲရှေ့နေအိမ်မှ ဒေါ်မိသက်မွန်ကဆိုသည်။

မြို့နယ်မီးသတ်ရေကား ၃စီး၊ ရပ်ကွက်ရေကား ၃ စီး၊ အရန်မီးသတ် ၈၀ ဦး အပါအ၀င် ရပ်ကွက်ပြည်သူများ၏ အကူအညီဖြင့် မီးငြိမ်းသတ်ခဲ့ရာ ည ၉ နာရီ ၄၅ မိနစ်အကြာတွင် မီးငြိမ်းသွားခဲ့သည်။