တရုတ်သိုင်းကား ကြောင့် ရိုးရိုးကြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ပြောင်းလဲသွားသလော

0
1140

တရုတ်သိုင်းကားကြည့်ခြင်း၊ အလွန်အကျွံကြက်တောင်ရိုက်ခြင်း၊ စစ်တုရင်ထိုးခြင်းတို့ကြောင့် ငယ်စဉ်က ရိုးအေးစွာ နေထိုင်တတ်သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေပြောင်းလဲသွားဖွယ်ရှိကြောင်း နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (န၀တ) အစိုးရ လက်ထက် ကုန်သွယ်ရေးဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဒုတိယ ဗိုလ်ချုပ်ကြီး (ငြိမ်း) ဦးထွန်းကြည်က ပြောကြားလိုက်သည်။

4428-thanshwe
ငယ်ရွယ်စဉ်က ဦးသန်းရွှေ။

ဖေဖော်ဝါရီ ၉ ရက်နေ့ ရက်စွဲဖြင့် ထုတ်ဝေသော The Voice Weekly နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဒုတိယ ဗိုလ်ချုပ်ကြီး (ငြိမ်း) ဦးထွန်းကြည်က ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်ပြီး ဦးသန်းရွှေမှာ ရိုးသားသည့် တောင်သူလယ်သမားဘ၀မှ ဆင်းသက်လာပြီး အချိန်ပြည့် အလုပ်လုပ်သူဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ဦးသန်းရွှေသည် ဆေးလိပ်မသောက်၊ အရက်မသောက်၊ ကွမ်းအနည်းငယ်စားပြီး အားလပ်ချိန်တွင် ကြက်တောင်ရိုက်ခြင်း၊ စစ်တုရင်ထိုးခြင်း၊ တရုတ်သိုင်းကားကြည့်ခြင်းတို့ ပြုလုပ်လေ့ရှိကြောင်း ၎င်းကဆိုသည်။

“အဲဒီလို အလွန်အကျွံ ကြက်တောင်ရိုက်၊ စစ်တုရင်ထိုး၊ တရုတ်သိုင်းကားကြည့်လို့လားတော့ မသိဘူး။ သူရဲ့ ရိုးရိုးအေးအေး၊ မာန်မာနကင်းကင်းနဲ့ နေတတ်တဲ့ ငယ်ငယ်က အကျင့်တွေ တဖြည်းဖြည်းလျော့လာတယ် ထင်ရတယ်။ နည်းနည်းတော့ အမူအကျင့်ပြောင်းသွားတယ်”ဟု ဦးထွန်းကြည်က ဆိုသည်။

၁၉၈၈ ခုနှစ်တွင် တပ်မတော် အာဏာသိမ်းပြီးနောက် ဗိုလ်ချုပ်မှူးကြီး စောမောင်၏ နောက် ဒုတိယ ဗိုလ်ချုပ်မှူးကြီး အဖြစ်ရှိနေခဲ့သူ ဦးသန်းရွှေမှာ ယင်းအချိန်အထိ လူရှေ့သူရှေ့ များစွာထွက်သူမဟုတ်ကြောင်း သူ့အကြောင်း ရေးသားထားသော ဆောင်းပါးများ၊ စာအုပ်များတွင် ဖော်ပြကြသည်။

၁၉၉၂ ခုနှစ်တွင် ဗိုလ်ချုပ်မှူးကြီး စောမောင် အနားပေးခံလိုက်ရပြီးနောက် ဦးသန်းရွှေမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာသည့်တိုင် ပြောရေးဆိုခွင့် အ၀၀ကို တာဝန်ယူသူမှာ န၀တ အတွင်းရေးမှူး ဖြစ်သူ ဗိုလ်ချုပ်ခင်ညွန့်ဖြစ်သည်။