တနင်္သာရီတွင် အလုပ်သမား ကြိုပို့ ယာဉ်တစ်စီးတိမ်းမှောက်၊ တစ်ဦးသေ၊ ၁၆ ဦးဒဏ်ရာရ

0
772

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာအုပ်စု ထုံခါကျေးရွာအနီး မိုင်တိုင်အမှတ် ၆၇/၀ တွင် ဖေဖော်ဝါရီ ၅ ရက်နေ့ ညနေ ၅နာရီခွဲ အချိန်ခန့်က အလုပ်သမားကြိုပို့   မော်တော်ယာဉ်တစ်စီး တိမ်းမှောက်သဖြင့် အသက် ၁၅ စ်အရွယ် အမျိုးသားတစ်ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ယင်းမြို့နယ် ရဲစခန်းနှင့် ပြည်သူ့ဆေးရုံရှိ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

DSC03443
တနင်္သာရီမြို့နယ် အတွင်းရှိ လမ်းပိုင်း တစ်နေရာ။ ဓာတ်ပုံ – Dawei Watch

အဆိုပါ အလုပ်သမားများသည် သိန်းခွန်းကျေးရွာအုပ်စု ရေဖြူကျေးရွာနှင့် အနီးအနားရွာတို့မှ နေထိုင်သူများ ဖြစ်ပြီး တနင်္သာရီ-မောတောင်ဒေသ သွားလမ်းရှိ ချောင်းနှစ်ပေါက်တံတား တည်ဆောက်ရေးလုပ်ငန်းများတွင် လုပ်ကိုင်နေသူများဖြစ်ကြသည်ဟု သိရသည်။

အလုပ်သမားများကို ဒိုင်နာအမျိုးအစား မော်တော်ယာဉ်ဖြင့် ရေဖြူကျေးရွာသို့ ပြန်လည်ပို့ဆောင်စဉ် ထုံခါကျေးရွာအနီးတွင် ယာဉ်တိမ်းမှောက်သွားခဲ့ခြင်းဖြစ်သည်ဟု တနင်္သာရီမြို့နယ်ရဲစခန်းမှ သိရသည်။

ဒဏ်ရာရလူနာများကို တနင်္သာရီပြည်သူ့ဆေးရုံကို ည ၆ နာရီခွဲအခန့်တွင် ရောက်လာရှိလာပြီး အမျိုးသမီး ၁၀ ဦးနှင့် အမျိုးသား ၆ ဦးတို့ ဆေးဝါးကုသမှုခံယူကြကာ ဖေဖေါ်ဝါရီ ၆ ရက်နေ့ နံနက်ပိုင်းခန့်တွင် ပြင်းထန်ဒဏ်ရာရ လူနာ အမျိုးသမီး ၄ ဦးကို မြိတ်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ခဲ့သည်ဟု တနင်္သာရီပြည်သူ့ဆေးရုံမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“လူနာတွေထဲမှာ အသက်အန္တရာယ်စိုးရိမ်ရတဲ့ လူနာမရှိပါဘူး”ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။

ယာဉ်အားပေါ့ဆစွာမောင်းနှင်သူ ချောင်းနှစ်ပေါက်ကျေးရွာနေထိုင်သူ သန်းဇော်ထွန်း (ခ) ဖိုးသန့် အသက် (၃၄)နှစ် ကို တနင်္သာရီရဲစခန်းမှ ယာဉ်(ပ)၂ /၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၃၇ /၃၃၈/၃၀၄-က ဖြင့် အမှုဖွင့် စစ်ဆေးစစ်ဆေး ဆောင်ရွက် လျက်ရှိသည်ဟု တနင်္သာရီရဲစခန်းမှ သိရသည်။