ထားဝယ် ကျောင်းသားသပိတ် စစ်ကြောင်း မော်လမြိုင်နှင့် ပေါင်းမည်

0
953

လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲတွင် ကျောင်းသားများ၏ တောင်းဆိုချက် အာခံချက်မရရှိသဖြင့် ထားဝယ်ဒေသ၌ အမျိုးသားပညာရေး ဥပဒေအား သပိတ်မှောက် တိုက်ပွဲဝင်ခြင်းကို ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ပြန်လည် စတင်လိုက်ပြီဖြစ်ပြီး ဖေဖော်ဝါရီလ ၈ ဖက်နေ့တွင် မော်လမြိုင်စစ်ကြောင်းနှင့် ပေါင်းကာ ဆက်လက် ချီတက်သွားမည်ဖြစ်ကြောင်း ထားဝယ်ကျောင်းသား သပိတ်ဦးဆောင်သူများထံမှ သိရသည်။

DSCF0017
ဓာတ်ပုံ – တင့်လွင်

ထားဝယ်ဒေသအတွင်းရှိ သပိတ်မှောက်   ကျောင်းသားကျောင်းသူများက လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲရလာဒ်များကို စောင့်ကြည့် လျှက်ရှိပြီး ဆွေးနွေးပွဲကို ဖျက်သိမ်းခြင်း၊ ကျောင်းသားများ၏ တောင်းဆိုချက်အပေါ် လျစ်လျူရှုခြင်းစသည့် အကြောင်း တစုံတစ်ရာ ပေါ်ပေါက်လာခဲ့လျှင် ပိုမိုကြီးမားပြင်းထန်သော အရှိန်ဟုန်မြင့်တိုက်ပွဲကို ဆင်နွဲမည်ဟု ထုတ်ပြန်ထားသည့် အတိုင်း သပိတ်ပြန်မှောက်ခြင်း ဖြစ်ကြောင်း ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကိုမင်းလွင်ဦးက ပြောကြားသည်။

အမျိုးသားပညာရေး ထားဝယ်ခရိုင်စစ်ကြောင်းသည် ထားဝယ်မြို့တွင် ဖေဖော်ဝါရီ ၆ ရက်နှင့် ၇ ရက်နေ့တို့တွင် နှစ်ရက်အကြာ ဆက်လက် သပိတ်မှောက်ဆန္ဒပြ မည်ဖြစ်ပြီး ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် မွန်ပြည်နယ် ကျောင်းသားသမဂ္ဂ သပိတ်စစ်ကြောင်းနှင့် ပူးပေါင်းကာ ဧရာဝတီ တိုင်းဒေသကြီးမှ ချီတက်လာသည့် စစ်ကြောင်းနှင့် ဆက်လက်ပူးပေါင်းပြီး ရန်ကုန်မြို့သို့ ချီတက်မည်ဖြစ်ကြောင်း ၄င်းက ပြောဆိုသည်။

ကျောင်းသားများတောင်းဆိုထားသည့် အချက် ၁၁ ချက်ကိုရလိုက်မည်ဆိုလျှင် ကျောင်းသားများအတွက် အထောက်အပံ့ဖြစ် လာမည့် ပညာရေးစနစ်တစ်ခုဖြစ်လာမည်ဖြစ်ပြီး ယင်းတောင်းဆိုချက်များ အာမခံသည် အထိ တောင်းဆိုသွားမည်ဖြစ်ကြောင်း ကိုမင်းလွင်ဦးက ဆိုသည်။

“တောင်းဆိုထားတဲ့ အချက်တွေ မရသရွှေ့ သပိတ်လုံးဝမလှန်ဘူး”ဟု ကိုမင်းလွင်ဦးက ဆိုသည်။

အစိုးရ၊ လွှတ်တော်၊ ပညာရေးပြုပြင်ပြောင်းလဲရေး နိုင်ငံလုံး ဆိုင်ရာကွန်ရက်(NNER) နှင့် ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီတို့ ပါဝင်သော ဖေဖေါ်ဝါရီလ ၁ ရက်နေ့က ရန်ကုန်မြို့၌ပြုလုပ်သည့် လေးပွင့်ဆိုင်ဆွေးနွေးပွဲတွင် ကျောင်းသားများမှ ၉ ချက်ကို တင်သွင်းရာ
မူအားဖြင့် ၇ ချက်ကိုသဘောတူခဲ့ပြီး ရက်ရွှေ့ခဲ့သည်။

သပိတ်မှောက် ကျောင်းသားကျောင်းသူများက  ကျောင်းသားပြည်သူကိုအခြေမခံသော အမျိုးသားပညာရေးဥပဒေ-အလို မရှိ၊ ဒီမိုကရေစီပညာရေး-ဒို့အရေး၊
ကျောင်းသားသမဂ္ဂလွတ်လပ်စွာ တရားဝင်ဖွဲ့စည်းခွင့်ရရှိရေး- ဒို့အရေး၊ အရေးတော်ပုံ-အောင်ရမည်ဟု ကြွေးကြော်ကာ ထားဝယ်မြို့၊ ဘုရားကြီးဝင်းအတွင်းမှ မြို့တွင်းသို့ ချီတက်ကာသပိတ်မှောက်ခဲ့သည်။

လမ်းတလျောက်ရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အခြေခံပညာ အထက်တန်းကျောင်းများနှင့် လမ်းဆုံနေရာများ၌ သပိတ် မှောက်တိုက်ပွဲဝင်ရခြင်းကြောင်း၊ အမျိုးသားပညာရေး ဥပဒေအကြောင်းစသည်တို့ကို ဟောပြောခဲ့ကြကြောင်းဒေသခံများ ထံမှသိရသည်။

အခြေခံပညာအထက်တန်းကျောင်းများ၌ ၀င်ပေါက်တံခါးများ၊ စာသင်ခန်းများကိုပိတ်ထားပြီး၊ အမှတ်၂ အခြေခံပညာအ ထက်တန်းကျောင်းအရှေ့၌ သပိတ်မှောက်ကျောင်းသားများ ရောက်ရှိနေ၍ ညနေကျောင်း လွတ်မပေးခဲ့ကြောင်း သပိတ် မှောက်ကျာင်းသားခေါင်းဆောင်များက ပာဆိုသည်။

“အမျိုးသားပညာရေးဥပဒေကို တောင်းဆိုနေတဲ့အချိန်မှာ ကျောင်းဆင်းချိန် ကျောင်းအုပ်ကြီးက ကျောင်းမလွတ်ဘဲ ထားတာက အမှတ်၂ ကျောင်းမှာရှိတဲ့ ကျောင်းသားတွေရဲ့ အခွင့်အရေးကိုချိုးဖောက်ခံလိုက်ရတာပါ၊ ပြောင်းလဲ့မှုကိုလဲ မလိုချင်ဘူးဆိုတာ သက်ရောက်နေတယ်”ဟု  ကိုမင်းလွင်ဦး ကပြောဆိုသည်။

ရက် ၆၀ အလွန် သပိတ်တိုက်ပွဲဖြင့် ထားဝယ်မြို့တွင် ဇန်န၀ါရီလ  ၂၀ ရက်မှ ၂၂ ရက်နေ့အထိ  ထားဝယ်တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်တို့တွင် စတင် သပိတ်မှောက်ခဲ့ပြီး  ဇန်န၀ါရီလ ၂၄ ရက်နေ့တွင် ထား ၀ယ်မြို့တွင်း၌ သပိတ်မှောက်ဆန္ဒထုတ်ဖော်ခဲ့သည်။