Shell ကို မြန်မာ့ ကမ်းလွန်တွင် စွမ်းအင်ရှာခွင့်ပြု

0
930

နယ်သာလန် အခြေစိုက် Shell ကုမ္ပဏီ နှင့် မိတ်ဖက် Mitsui Oil Exploration Co.,Ltd group (MOECO) တို့ကို မြန်မာ့ ကမ်းလွန် ရေနက်ပိုင်းလုပ်ကွက် သုံးကွက်အတွက်  စွမ်းအင် ရှာဖွေတူးဖော်ရေးနှင့် ထုတ်လုပ်မှု အပေါ်ခွဲဝေခံစားရေးအတွက် နိုင်ငံပိုင် မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း တို့ စာချုပ်ချုပ်ဆိုလိုက်ကြောင်း Shell ကုမ္ပဏီက သတင်းထုတ်ပြန်သည်။

Map of Shell and MOECO's Deep-water Blocks  Credit to Shell

သဘောတူညီချက်များအရ အလားအလာရှိသော   ရေနက်ပိုင်း လုပ်ကွက်များ   ဖြစ်သော ရခိုင်ကမ်းလွန်ရှိ AD-9 နှင့် AD-11၊ တနင်္သာရီကမ်းလွန်ရှိ MD-5 (တနင်္သာရီဆိပ်ကမ်း) တို့တွင် ယင်း ကုမ္ပဏီများက ရှာဖွေသွားမည်ဖြစ်သည်။

ချုပ်ဆိုလိုက်သော စာချုပ်များအရ Shell က လုပ်ငန်းလည်ပတ်သူ အဖြစ် အကျိုးအမြတ်ပမာဏ ၉၀ ရာခိုင်နှုန်းပိုင်ဆိုင်ပြီး MOECO က ကျန်သည့် ၁၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ကြောင်း သတင်းကဆိုသည်။

ထိုသို့ ရှာဖွေခွင့်ရသည့် အတွက် ၀မ်းမြောက်ပြီး မြန်မာနိုင်ငံဖွံ့ဖြိုးရေးကို အကူအညီပေးနိုင်မည်ဟု မျှော်မှန်းကြောင်း Shell ကုမ္ပဏီ၏ Exploration Asia and Australia ဆိုင်ရာ ဒု-ဥက္ကဋ္ဌ Graeme Smith က ပြောကြားသည်။

ထိုလုပ်ကွက်သုံးခု စာချုပ်ချုပ်ဆိုခြင်းမှ မြန်မာက လက်မှတ်ထိုးကြေး အမေရိကန်ဒေါ်လာ ၆၁ သန်းနှင့် အချက်အလက်နှုန်း အမေရိကန်ဒေါ်လာ ၃ သန်းရရှိမည်ဖြစ်ကြောင်း မြန်မာ့ သတင်းစဉ်က ထုတ်ပြန်သည်။

လုပ်ကွက်သုံးကွက်အတွက် လေ့လာရေးကာလ ၂ နှစ်နှင့် ရှာဖွေရေးကာလ ခြောက်နှစ် အချိန်ယူမည်ဟုဆိုသည်။