စဉ်းစားကာ နေရဦးမည်

0
840

သမိုင်းစာမျက်နှာအသစ် ဖွင့်လှစ် လိမ့်မည့်ဟု မျှော်လင့်ရသော ၂၀၁၅ ခုနှစ်ကား ရောက်ရှိလာပါပြီ။

မကြည်မလင် ဝိုးတဝါးဖြင့် မိတ် ဆွေ ရန်သူခွဲခြားရခက်သည့်အချိန် ဟုလည်း ဆိုနိုင်မည်။ နိုင်ငံအနှံ့ အနယ်နယ် အရပ်ရပ်မှ ပြည်သူများက မိမိတို့ လိုအပ်ချက်များကို ပုံစံအမျိုးမျိုး ဖြင့် အစိုးရထံ တောင်းဆိုသံများ၊ နိုင်ငံရေး အဖွဲ့အစည်းများ အချင်းချင်း ပွတ်တိုက်သံများ အပါအဝင် ပြည်တွင်း ပြည်ပ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူ တို့၏ ထောက်ပြ ဝေဖန်သံတို့ဖြင့် မြန်မာ့နိုင်ငံရေး လှုပ်လှုပ်ရွရွ ဖြစ်လာခဲ့ ပေပြီ။

ပြည်သူလူထု၏ တောင်းဆိုချက် များ မည်ရွေ့မည်မျှ ရသည် မရသည် အပထား၊ တစ်ချိန်က နိုင်ငံရေးဟူသည် ထောင်ကျတတ်သော အလုပ်၊ သာမန် လူများ မပြောဆို မကြံစည်အပ်သော အရာ၊ “ဘယ်မင်းတက်တက် ကိုယ်လုပ် မှ ကိုယ်စားရတယ်”ဟု ဖြေသိမ့်ပြီး နိုင်ငံရေးအမှောင်ထုကြီးထဲ အသားကျနေခဲ့ကြရာမှ ယခုကဲ့သို့ လှုပ်လှုပ်ရွရွ တက်တက်ကြွကြွ ရှိလာကြသည်ကို တွေ့မြင်ရတော့ ပြည်သူတစ်ဦးအနေဖြင့် အားရကျေနပ် မိသည်ကား အမှန်ပင်။

ထို့အပြင် “ပြည်သူသာ အမိ ပြည်သူသာ အဖ” ၊ “မိဘပြည်သူများ ခင်ဗျား”၊ “ပြည်သူဗဟိုပြု အုပ်ချုပ်ရေး စနစ်”၊ “ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ” စသည့် စကားလုံးများကလည်း ကျွန်ုပ် တို့ မြန်မာနိုင်ငံတွင် ပြည်သူဖြစ်ရသည် ကိုပင် ဘ၀မြင့်ချင်စရာ ကောင်းနေပါ သည်။

မည်သို့ပင်ဆိုစေ ပြည်သူလူထု၏ အခန်းကဏ္ဍသည် အတိုင်းအတာ တစ် အထိ အရေးပါလာခဲ့သည်ကို သမိုင်းက သက်သေခံနေပြီ။ ဟုတ်ပါသည် ပြည်သူများသည်လည်း ခက်ခဲ ကြမ်းထမ်းသော နိုင်ငံရေးမုန်တိုင်းများ၊ နိုင်ငံရေး အမှောင်ထုများကို အလူးလူး အလိမ့်လိမ့် ဖြတ်သန်းခဲ့ကြရသူများ ပီပီ ခါးသီးမုန်းတီးဖွယ် အတွေ့အကြုံ များကြောင့် အထိုက်အလျောက် ရင့်ကျက်နေခဲ့ကြပေပြီ။

အရှိန်အဟုန်ပြင်းပြင်းဖြင့် ပြောင်း လဲတိုးတက်နေသည့် နည်းပညာခေတ် ကမ္ဘာကြီးတွင် ကျွန်ုပ်တို့ ရွှေနိုင်ငံ တော်ကြီး အဘက်ဘက်က နောက်ကျ ကျန်ရစ်နေခဲ့ပြီဖြစ်ကြောင်းကို မည်သူမျှ ငြင်းမည် မထင်ပါ။ အကြောင်းတရားအရ မည်သူတို့တွင် တာဝန်ရှိသည်ဖြစ်စေ အကျိုးတရားကို အားလုံး ခံစားနေကြရ ပါသည်။ အတိတ်သည် ကျွန်တော် တို့အတွက် လုံလောက်သော သင်ခန်း စာများ ပေးခဲ့ပြီး ဖြစ်ပါသည်။

ထို့ကြောင့် လက်ရှိ အာဏာရထား သူတို့၏ နိုင်ငံရေးကစားကွက်များ၊ နိုင်ငံရေး မျက်လှည့်ပွဲများ၊ နိုင်ငံရေး လက်နက် အပြည့်အစုံ တပ်ဆင်ထားပြီး ဖြစ်သော်လည်း စိုးရိမ်စိတ်ကြီးမားကာ ပြိုင်ပွဲမစမီ စည်းခိုးနေကြခြင်းများ ကိုလည်းကောင်း၊ ၎င်းတို့၏ ကစား ကွက်များ၊ မျက်လှည့်ပွဲများကို လက်ညှိုးထိုးပြပြီး မိမိတို့သာလျှင် ကယ်တင်ရှင်များ ဆိုသူတို့၏ သဘောထား အမှန်ကို လည်းကောင်း၊ ဒီမိုကရေစီ သူရဲကောင်း ကြီးများ၏ အရည်အသွေး အစစ်အမှန်နှင့် လက်တွေ့ကျကျ လုပ်ဆောင် နိုင်စွမ်း များကိုလည်းကောင်း ပြည်သူ လူထုကောင်းစွာ ခွဲခြားတတ်နေပြီ ဖြစ် ပါသည်။

သေချာသည်မှာ အာဏာရပါ တီ (သို့မဟုတ်) အစိုးရအဖွဲ့ရော၊ အ တိုက်အခံ (သို့မဟုတ်) ဒီမိုကရေစီ ဘက်တော်သားများဟု သတ်မှတ်ခံထား ရသည့် ပါတီအဖွဲ့အစည်းများပါ ယနေ့ အချိန်အထိ မိမိတို့၏ လိုအင်ဆန္ဒများ ကိုသာ တစိုက်မတ်မတ် လုပ်ဆောင်နေ ခဲ့ကြပြီး ပြည်သူလူထု၏ အခက်အခဲနှင့် တင်ပြတောင်းဆိုမှုများကို တိတိကျကျ စွမ်းဆောင်ပေးခဲ့ကြခြင်း မရှိသေး သည်ကို လှုပ်ခတ်နေသော နိုင်ငံရေး အခင်းအကျင်းများမှတဆင့် ထင်ရှားစွာ တွေ့မြင်နေကြရပါသည်။

ယနေ့ နိုင်ငံရေးနယ်ပယ် အသီး သီးတွင် အစဉ်အလာနှင့် စိတ်ရင်းစေတ နာကောင်းမွန်ကာ အရည်အချင်းအစစ် အမှန်ရှိသူတို့ ပါဝင်နေကြသည်ကို မဖြစ်မနေ အသိအမှတ် ပြုရမည် ဖြစ်ပါသည်။

သို့ရာတွင် ၎င်းတို့နှင့်အတူ

၁။ မိမိတို့ လုပ်ပိုင်ခွင့်ရှိစဉ်က ကိုယ်ကျိုးစီးပွားနှင့် အထက်လူကြီး ကလွဲပြီး ကျန်တာ ဘာမှ ဂရုစိုက်ရန်မလို “မင်းတို့ မေတ္တာပို့လေ ငါတို့ကျန်းမာလေ” လုပ်ခဲ့ကြပြီး အခုတော့ အချိန်နည်းနည်း ထပ်ပေးပါ။ တိုင်း ပြည်ဖွံ့ဖြိုးတိုးတက်ရန် အချိန်လိုပါ သည်၊ စီမံခန့်ခွဲမှုကျွမ်းကျင်ဖို့ လိုပါ သည်ဟုပြောကာ ရသည့်အချိန်ကို ဇီးသီးလုရင်း   ဖြုန်းတီးနေကြသူ များ။

၂။ တစ်မိုးလုံးဖျောက်ဆိပ် လုပ်ခဲ့ ကြပြီး အခုချိန်တွင် ဓူဝံကြယ်ကြီးပမာ မိမိတို့၏ လမ်းကြောင်းပေါ်သို့ လူထုကို ဆွဲတင်ကာ လက်သီး လက်မောင်းတန်း ကြွေးကြော်နေသူများ။

၃။ ငါ့တို့ စွန့်လွှတ်အနစ်နာခံခဲ့ကြ လို့ ဒီမိုကရေစီ ရှင်သန်ခွင့်ရတယ်။ ဒီမိုကရေစီရေးအပေါ် သစ္စာစောင့်ခဲ့တယ် ဟု အတိတ်ကို ဖက်တွယ်ပြီး ပစ္စုပ္ပန်ကို ရန်လိုနေသော ဒီမိုကရေစီသူရဲကောင်း များဟူသော နိုင်ငံရေးသမား (၃)မျိုး ကိုလည်း တပြိုင်နက်တည်း တွေ့မြင် နေကြရပါသည်။

အမှတ်စဉ်(၁)နှင့်(၂)တို့သည် စာ ရေးသူတို့နှင့် မနီးစပ်သော ပတ်ဝန်း ကျင်ဖြစ်ခြင်းကြောင့် အထူးဝေဖန် ထောက်ပြစရာအကြောင်း မရှိပါ။ သူ့ သဘောကို သူဆောင်ပါလိမ့်မည်။

အမှတ်စဉ်(၃)သည်ကား စာရေး သူတို့၏ ပတ်ဝန်းကျင်တွင် ကျင်လည် နေကြသူများဖြစ်သည့်အပြင် မြန်မာ့နိုင်ငံရေး၏ သမိုင်းအကြောင်းအရ အစဉ်တစိုက်လေးစား အားပေးလာခဲ့ ကြသူများဖြစ်ရာ မဲဆန္ဒရှင်တစ်ဦး အနေဖြင့် ထောက်ပြသင့်သည်ဟု ယူဆမိသော အချက်အလက်များကို အနည်းငယ် ထောက်ပြလိုပါသည်။

အဆိုပါ ဒီမိုကရေစီ သူရဲကောင်း များသည် မိမိတို့ စွန့်လွှတ်ခဲ့သည်ဟူသော အတိတ်ရေယာဉ်ကြောတွင် တဝဲလည် လည် မျောမနေသင့်တော့ဘဲ အများ ပြည်သူတို့၏ နိုင်ငံရေးရေချိန်ကို အချိန်နှင့် တပြေးညီ လေ့လာဆန်းစစ် သင့်ပါသည်။ ဒီမိုကရေစီ ဘက်တော် သားများပီပီ အများသဘောကို အသိအမှတ်ပြုနိုင်သည့် အလေ့အကျင့် များ ကြိုးပမ်းမွေးမြူကာ အချိန်ကာလ သတ်မှတ်ချက်အရ ပြောင်းလဲလာသော လူထု၏ ရပ်တည်ချက်များကို နားလည် နိုင်စွမ်း ရှိသင့်ပါသည်။

ဒီမိုကရေစီ၏ အခြေခံအခွင့်အ ရေးဖြစ်သည့် လွတ်လပ်စွာ သဘောကွဲ လွဲခွင့်ကိုပင် လက်တွေ့ကျကျ မကျင့် သုံးနိုင်ဘဲ “ငါနဲ့မတူငါ့ရန်သူ” သ ဘောထားခြင်း၊ သင်ယူလေ့လာလိုစိတ် မရှိခြင်း၊ အသစ်သစ်သော သတင်း အချက်အလက်ကို လက်ခံနိုင်စွမ်း အား နည်းခြင်း၊ တီထွင်ကြံဆမှု မရှိခြင်း တို့ကို အလျင်အမြန် ပြုပြင်သင့်သည်ဟု ယူဆမိပါသည်။

ပြည်သူလူထုကြားထဲဆင်းပြီး မိမိတို့၏ လိုအင်ဆန္ဒ ခံစားချက် ခံယူ ချက်များကိုသာ ဖန်တလဲလဲ ချပြကာ ပြည်သူ လူထုအပေါ်တွင် ဆရာတစ်ဆူ ကယ်တင်ရှင်တစ်ဦးအသွင် ဟောပြော လုပ်ဆောင်မှုများကို ရှောင်ရှားသင့် ပါသည်။ ပြည်သူလူထု၏ လိုအင်ဆန္ဒ ခံစားချက်များကို နားထောင်ခံစား ပေးခြင်း၊ လိုအပ်ပါက နားလည်တတ် ကျွမ်းသူများကို ဖိတ်ခေါ် ဆွေးနွေး သင်ယူလေ့လာပြီး မိမိတို့စွမ်းနိုင်သမျှ ဖြည့်ဆည်း ပေးသင့်ပါသည်။

လက်ရှိ အခြေအနေအထိ မိမိတို့ သည်သာမန် သူလိုကိုယ်လို ပြည်သူ တစ်ဦးသာ ဖြစ်သည်ကို ကောင်းစွာ လက်ခံသင့်ပါသည်။ ရရှိနေသော အချိန်ကာလကို မိမိတို့ အစုအဖွဲ့အတွင်း ကုန်ဆုံးနေစေခြင်းမျိုး မဟုတ်ဘဲ မိမိ တို့၏ အားနည်းချက်များကို ရိုးသား စွာဝန်ခံပြီး အားသာချက်များကို အမိအ ရ ဆုပ်ကိုင်ကာ ပြည်သူ့အကျိုး သယ် ပိုးခြင်းဖြင့် သက်သေပြနေသင့်ပါ သည်။ မိမိတို့သည် တစ်ဦးတစ် ယောက် (သို့မဟုတ်) အစုအဖွဲ့တစ်ခုကို တာဝန်ခံသည့် ဘ၀မှသည် အများပြည် သူကို တာဝန်ခံသည့် အတွေ့အကြုံများ မရှိကြသူများ ဖြစ်ကြပါသည်။ ပြည်သူ လူထုနှင့်ကင်းကွာသော နိုင်ငံရေးသမား တို့သည် ရေရှည်ရပ်တည်ရန် မ ဖြစ်နိုင်ပါ။ ထို့ကြောင့် ပြည်သူလူထုနှင့် တစ်သားတည်းဖြစ်နေရေးကို အထူးဂ ရုပြု သင့်ပါသည်။

မိမိတို့နှင့် ယှဉ်ပြိုင်ဘက်သည် နှစ်ပေါင်းများစွာ စနစ်တကျ လေ့ကျင့် သင်ကြားလာသော အဖွဲ့အစည်း ဖြစ်သည့်အပြင် လိုအပ်သော ပြိုင်ပွဲဝင် လက်နက်ကိရိယာ အပြည့်အစုံရှိပြီး ဖြစ်ပါသည်။ ယှဉ်ပြိုင်ဘက်ကို အထင် ကြီးရန် မလိုသော်လည်း အကြောင်းမဲ့ အထင်သေးခြင်းသည် အဆင်အခြင် မဲ့သူတို့၏ လုပ်ရပ်ဖြစ်ကြောင်းကို ကောင်းစွာ သိအပ်ပါသည်။

ဒီမိုကရေစီအရေး လက်ဆင့်ကမ်း သယ်ဆောင်လာသူများကို အထူး ကျေးဇူးတင်ပါသည်။ စွန့်လွှတ် အနစ် နာခံလာခဲ့ကြသူများ၊ ကျွန်ုပ်တို့ မလုပ်နိုင်သည်များကို စွမ်းစွမ်းတမံ လုပ်နိုင်ခဲ့ကြသူများအဖြစ်လည်း သမိုင်းမှတ်တမ်း တင်အပ်ပါသည်။

ထို့အတူ ပြင်ဆင်ပြောင်းလဲ သင့်သည်များကို အချိန်မီလုပ်ဆောင် ကြရန် အရေးကြီးလှပါသည်။

ထိုသို့ မဟုတ်ပါက ကမ္ဘာ့ အလယ် နှစ်ပေါင်းများစွာ နောက်ကျ ကျန်နေရစ်ခဲ့သော ကျွန်ုပ်တို့ နိုင်ငံ တော်နှင့် လိုအပ်ချက်များ ပြည့်လျှံ နေသော ကျွန်ုပ်တို့ဘ၀များကို အဆင်ပြေသလို စီမံအုပ်ချုပ်ပါဟု ၎င်း တို့ထံ မျက်စိစုံမှိတ်ကာ အပ်နှံရန် ကိုကား အများကြီး စဉ်းစား ရလိမ့်ဦးမည်ဖြစ်ပါကြောင်း စိတ်စေ တနာ အရင်းခံကာ ရေးသားတိုက်တွန်း လိုက်ရပါသည်။