မတရား စွပ်စွဲ ထောင်ချခံရသူဟုဆိုကာ ရစ်ချတ်ဘူရီမှ အမျိုးသမီး တစ်ဦးက ထိုင်းတော်ဝင်မင်းသမီး ဟောင်း သန်ပုရင် ဆရီရဆမီ၏ မိဘများကို တရားစွဲလိုက်သည်။

လွန်ခဲ့သော ၁၂ ကျော်က ၎င်းမကျူးလွန်ခဲ့သော အမှုကို စွပ်စွဲထောင်ချခဲ့သည်ဟုဆိုကာ မယ်ဖာလုံ ဖောင်ဒေးရှင်းတွင် အလုပ်လုပ်ကိုင်သူ ဆဝီဒဟူသော အမျိုးသမီးက ထိုသို့ တရားစွဲဆိုလိုက်ခြင်း ဖြစ်သည်။
ခင်ပွန်းဖြစ်သူနှင့် ပတ်သက်မှုရှိခဲ့သည်ဟုဆိုကာ ယခုအခါ အရပ်သူ ဖြစ်သွားပြီဖြစ်သော ထိုင်းတော်ဝင် မင်းသမီးဟောင်း၏ မိခင်ဖြစ်သူက စွပ်စွဲကာ ၂၀၀၃ ခုနှစ်က တရားစွဲခဲ့ကြောင်း ဆဝီဒီ၏ အဆိုအရသိရသည်။
ယင်းကြောင့် ထိုအချိန်က အသက် ၂၀ အရွယ် ဆဝီဒီသည် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံလိုက်ရပြီး ယင်းတို့ မိသားစု သည်လည်း ဒုက္ခရောက်ခဲ့ကြောင်း သူမက ဆိုသည်။
ထိုသို့ မမှန်မကန် စွပ်စွဲ ပြစ်ဒဏ်ချမှတ်ခံလိုက်ရသဖြင့် သူမ ပြန်လွတ်လာချိန်တွင် အလုပ်အကိုင်ခန့်ထားမည့်သူ မရှိခဲ့ကြောင်း ၎င်းက ဆိုသည်။
ယင်းကိစ္စကို ထိုင်းအာဏာပိုင်များက စုံစမ်းစစ်ဆေးလျက်ရှိသည်။