သံလွင်မြစ်ကြောင်းရှင်းသည်ဟုဆိုကာ သဲစုပ်သဖြင့် လယ်ဧက ၈၀၀ ခန့် ပျက်စီး

0
812

သံလွင်မြစ်ကြောင်း ရှင်းလင်းသည်ဟုဆိုပြီး မြစ်အတွင်း သဲစုပ်ယူနေမှုကြောင့် မွန်ပြည်နယ်၊ ချောင်းဆုံ (ဘီလူးကျွန်း) အနီးရှိ ဟင်္သာကျွန်း၌ လယ်မြေဧက ၁၀၀ ခန့် လုံးဝပျောက်ကွယ်သွားပြီး ဧက ၇၀၀ ခန့် ပျက်စီးသွားသည်ဟု  ချောင်းဆုံမဲဆန္ဒနယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်နိုင်ဦးက ပြောသည်။

Than Lwin
သံလွင်မြစ်ကြောင်း တစ်နေရာ။ ဓာတ်ပုံ – panoramio

 

သဲစုပ်ယူမှုကြောင့် သံလွင်မြစ်ကြောင်း ပြောင်းလဲမှုဖြစ်ပွားကာ လယ်ယာမြေစိုက်ပျိုးလုပ်ကိုင် စားသောက်နေသည့် ဟင်္သာကျွန်းကို ရေတိုက်စားလာသည့်အတွက် သဲစုပ်ယူမှု တစ်နှစ်တာကာလအတွင်း၌ လယ်မြေဧကပေါင်းများစွာ ပျက်စီးသွားသည်ဟု ၄င်းက ပြောသည်။

“တူးတဲ့နေရာက တူးလို့ မသင့်တဲ့နေရာမှာ တူးတော့ ရေကြောင်းပြောင်းတယ်။ အခု ဟင်္သာကျွန်းက တော်တော်ထိသွားတယ်။ ပြောရရင်တော့ လုံးဝလယ်ပျောက်သွားတာတော့ ဧက ၁၀၀ နီးပါး   လောက်ရှိမယ် ရေတိုက်စားလိုက်တယ်။ ပြီးတော့ ချောင်းဖြစ်သွားတယ်”ဟု ဦးအောင်နိုင်ဦးက ဆိုသည်။

သဲစုပ်ယူခြင်းနှင့် ပတ်သက်ပြီး အစိုးရတွင် တာဝန်အရှိဆုံးဖြစ်သည့်အတွက် သဲစုပ်ယူမှုကို ပြန်လည် စိစစ် သုံးသပ်ပေးနိုင်ရန် ဇန်နဝါရီလ ၂၇ က ပြည်နယ်အအစိုးရနှင့် ပြည်နယ်လွှတ်တော်သို့ အစီရင်ခံစာတစ် တင်ထားသည်ဟု ၄င်းက ပြောသည်။

သံလွင်မြစ်အတွင်း သဲစုပ်ယူခြင်းလုပ်ငန်းကို Starhigh Asia Pacific Pte., Ltd. က လုပ်ကိုင်ခွင့်ရထားပြီး ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်ထိ ဆောင်ရွက်ရန်လျာထားချက်ရေးဆွဲထားကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

“နေ့ခင်းကျတော့ ဝေးဝေးမှာ ရပ်တယ်။ ညဘက်ကျတော့ ဟင်္သာကျွန်းနဲ့ကပ်ပြီးတော့ စုပ်တယ်။ ညညဆို အသံက အကျယ်ကြီး မီးဆိုလည်း တထိန်ထိန်လင်းနေတာပဲ။ အိပ်လို့တောင် အဆင်မပြေဘူး အသံပါကြားနေရတယ်” ဟု ဟင်္သာကျွန်းမှ လယ်သမားတဦးက ပြောသည်။

မော်လမြိုင်ဆိပ်ကမ်းသို့ ကုန်တင်သဘောင်္များ ဝင်ထွက်သွားလာရာ ရေးလမ်းကြောင်း တိုးတက်ကောင်းမွန်စေရန်နှင့် ရေစူပြန်လည်ရရှိစေရန်အတွက် သံလွင်မြစ်ကြောင်းရှိ ရေမိုင် စုစုပေါင်း ၁၃ မိုင်အတွင်းမှ သဲထုထည်ပမာဏ ကုဗမီတာ ၁၁ သန်း ထုတ်ရန်လျာထားကြောင်း ဒီဇင်ဘာ ၄ ရက်နေ့က ကျင်းပခဲ့သည့် ပထမအကြိမ်မွန်ပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေးတွင်လည်း မွန်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသက်ဝင်းက ပြောဆိုသည်။

သဲတူးခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် လုပ်ငန်းမဆောင်ရွက်မီ နိုင်ငံခြားတိုင်းတာရေး ရေယာဉ်ဖြင့် ရေအနက်နှင့် သောင်တူးဖော်ရန်ပမာဏအား တိုင်းတာပြီးဖြစ်ကြောင်းလည်း ပြောသည်။

၎င်းပြင် သံလွင်မြစ်အတွင်း သဲတူးလုပ်ငန်းအား ထိရောက်အောင်မြင်စေရန်နှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြင့် ဆောင်ရွက်နိုင်ရန်အတွက်   ပြည်ပ သဲထုတ်လုပ်တင်ပို့ရေး ကြီးကြပ်မှုကော်မတီမှ စစ်ဆေးဆောင်ရွက်လျက်ရှိသည်ဟုလည်း ဦးသက်ဝင်းက ပြောသည်။