ထိုင်းနယ်စပ် ပါချန်မြစ်အတွင်း ဂတ်စ်အိုးပေါက်ကွဲ၊ စက်လှေ မီးလောင်

0
737

ထိုင်း-မြန်မာ နယ်စပ် ကော့သောင်းမြို့နယ် အုန်းကျွန်းအနီး ပါချန်မြစ်လယ်တွင် ဖေဖော်ဝါရီလ ၂ ရက်နေ့ ည ၉ နာရီခန့်တွင် ငါးကဲ့လှေတစ်စီး ဂတ်စ်အိုး ပေါက်ကွဲသဖြင့် လှေမီးလောင်ကာ အလုပ်သမား ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း လှေအလုပ်သမားများထံမှ သိရသည်။

ထမင်းချက်ရာတွင် အသုံးပြုသည့် ဂတ်စ်အိုး မှ ဂတ်စ်များစိမ့်ထွက်ပြီး ခုတ်မောင်းနေသည့် အင်ဂျင်စက် မီးပွားမှတစ်ဆင့် မီးကူးလောင်ကျွမ်းရာမှ ဂတ်စ်အိုးပေါက် ထွက်ကာ လှေဝမ်းအတွင်း ပစ္စည်းချနေသည့် အလုပ်သမား ၃ ဦး မီးလောင်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒဏ်ရာရ ရှိသူများကဆိုသည်။

ယင်းငါးကဲ့လှေ သည် ဘုတ်ပြင်းမြို့နယ်၊ ကြိမ်နီတောင်ကျေးရွာမှ ဖြစ်ပြီး ထိုင်းနိုင်ငံရနောင်းမြို့တွင် ငါးရောင်းပြီးနောက် ရေခဲများ တင်ဆောင် လာကာ ကျေးရွာသို့ အပြန် ဂတ်စ်အိုး ပေါက်ထွက်ကာ လှေမီးလောင်မှုဖြစ် ပွားခဲ့သည်ဟု ပေါက်ကွဲမှုကြောင့် ဒဏ်ရာရှိသူ ဦးကြင်လွင်ကဆိုသည်။

“ကျွန်တော်တို့က လှေဝမ်း ထဲရောက်နေတော့ ထွက်ပြေးမလွတ်တော့ဘူး။ ဒါကြောင့် ဒဏ်ရာရတာပါ”ဟု ဦးကြည်လွင်ကဆိုသည်။

လှေမီးလောင်သည်နှင့် ပင်လယ်ပြင်စိုးမိုးရေးတပ်မှ သင်္ဘော ၂ စီးရောက်လာကာ အချိန်မီ မီးငြိမ်းသတ်ခဲ့ပြီး လှေပေါ်ရှိ အလုပ်သမားများကို ကယ်တင်ခဲ့ကြောင်း ၎င်းတို့ကဆိုသည်။

ဒဏ်ရာရရှိသူ ၃ဦးမှာ ကော့သောင်းခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေပြီး စိုးရိမ်ဖွယ်  အခြေအနေမရှိကြောင်း ဒဏ်ရာရသူတို့၏ မိသားစုဝင်များကဆိုသည်။

လှေပေါ်တွင် လိုက်ပါလာသူ အလုပ်သမားအပါအဝင် ၂၀ ဦးအနက် ၃ ဦး မီးလောင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။