လောင်းကစားရုံသာ ထောင် လိုက်ပါတော့

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

မြင်ကွင်း (တစ်)

နာမည်ကျော်ကမ်းခြေ မောင်းမကန်- မျှော်ရစ်ဘုရားလမ်းမှ အနောက် ဘက်လမ်းခွဲလေးသို့ ချိုးကွေ့လိုက်သော အခါ တန်ဆာမဆင်ရသေးသော ဇာတ် စင်ကြီးတစ်ခုနှင့် ယာယီစားသောက် ဆိုင်များကို လှမ်းတွေ့ရလေသည်။ ထိုဆိုင်များ၏ နောက်ဘက်တွင် ဂိုးတိုင် စိုက်ထားသော ကွင်းတစ်ခု။ နံနက် ၁၁ နာရီခွဲ ကျဲကျဲတောက်နေရောင် အောက်တွင် ကိုယ့်အရိပ်ကိုယ်နင်းပြီး တောင်ဝှေးကိုအားပြုကာ ဖြေးဖြေး လျှောက်နေသော အဘိုးအိုတစ်ယောက် နှင့် အဖော် လိုက်ပါလာဟန်ရှိသည့် လူငယ်တစ်ယောက် စကားတစ်ပြောပြော ဖြင့် ထိုကွင်းကို ဖြတ်နေကြသည်။

“ဆိုင်ကယ်တွေ အတော်များတာပဲ၊ ကားတောင် လေးငါးစီး..၊ ဒီနေရာမှာ ဘော်လုံးပွဲမဟုတ်ဘဲ နေ့ခင်းကြီးမှာ ခုလောက်စည်တာ ငါ့တစ်သက် ဒီတစ် ခါပဲ တွေ့ဖူးသေးဟ..”

“နေ့တိုင်း စည်ကားနေတာ အဖိုး ရဲ့..အခုဆို တစ်ပတ်တောင် ကျော်ရော ပေါ့”

“ဇာတ်ပွဲက လဆန်း ၁၃ရက်နေ့မှ မဟုတ်လားမြေးလေးရဲ့၊ အခုမှ တပို့တွဲ လဆန်း ၁၀ ရက်ပဲရှိသေးတာ”

“ပွဲအကြို ဒါဘာ ဆိုလားပဲ”

“ဒါနဲ့..လောင်းကစားဝိုင်းတွေက ဘာကြောင့် ပွဲခင်းနဲ့ အဝေးကြီးမှာ ထားရတာလဲကွယ့်”

“အာ..အဖိုးကလည်း၊ ပွဲခင်းနဲ့ နီး နီးထားရင် လမ်းသွား လမ်းလာတွေ တွေ့ကုန်မှာပေါ့။ ဌာနဆိုင်ရာတွေ က လည်း မမြင်ချင်ယောင်ဆောင်နေလို့ ဘယ်ရတော့မလဲ”

“ဪ..၊ လက်တစ်လုံးခြား ဆိုတာ ဒါမျိုးကို ပြောတာပေါ့”

ကွင်းပြင် နဘေးတဝိုက်ရှိ ဆိုင် ကယ်အစီးနှစ်ရာခန့်သည် သူတို့သခင် များကို နေပူထဲတွင် ရပ်စောင့်နေကြ ၏။

image-2d8d0d1e6629b9df04f308efe96133c02233ae07eff1df99120b47128e58bc03-V

မြင်ကွင်း (နှစ်)

ထိုကွင်းအဆုံးတွင် ပျက်စီးနေသော လယ်တစ်ကွက်ကို ဖြတ်ပြီးနောက် ပင် လယ်ကမ်းနဖူးရှိ သီဟိုတောအုပ် လေး ဆီသို့ ရောက်လေသည်။ သီဟိုပင် အရိပ်အောက်တွင် အနီထောင်ဝိုင်းများ အတန်းလိုက် ချခင်းထားသော်လည်း ကစားနေသူ အနည်းငယ်သာ တွေ့ရသည်။ ပြုံးရွှင်နေသော ထိုးသား တစ်ဦး၏ ရှေ့တွင် နောက်ဆုံးပေါ် ငွေစက္ကူများကို အထပ်လိုက် တွေ့ရ သည်။

“ခဏထစမ်းပါဦး မိန်းမရာ၊ နင့် ဆွဲကြိုး မြန်မြန်ပေးစမ်း ပါ..၊ ငါတို့ အတော် ထိနေပြီ”

သီဟိုဠ်ပင်အရိပ်အောက်တွင် ငှား မျှားတံတစ်ခုလို ငိုက်မျဉ်းနေသော မျက်တွင်းဟောက်ပက် မိန်းမကြီး ကမန်းက တမ်း ထထိုင်သည်။

“ရှုး..တိုးတိုးလုပ်၊ ကလေးအိပ် နေတယ်..၊ ညကနိုင်ထားတာတွေရော၊ နောက်ပြီး ကျွန်မတို့ လက်ကျန် အရင်း ငွေလည်း ရှင့်ဆီမှာ ပဲလေ”

“အကုန်ပြန်ပါသွားပြီဟ၊ အနီ ထောင်ကလည်း ကြွေကျနေလိုက်တာ မပြောပါနဲ့တော့.. လက်တိုင်းလိုလို လျော်နေရတယ်၊ ဟူး..”

သူတို့စကားသံကြောင့်လား မသိ..၊ အမေ့ပေါင်ကို ခေါင်းအုံးကာ နှစ်ချိုက်စွာ အိပ်ပျော်နေသာ ခြောက်နှစ် သားအရွယ် သမီးငယ်လေး လူးလိမ့် နိုးထလာပြီး သူ့အမေချွတ် ပေးလိုက် သော ဆွဲကြိုးကို တွေတွေလေး ငေး ကြည့်နေလေတော့သည်။ ဆွဲကြိုး ယူသွားသူ၏ ခြေထောင့်များက စီးကရက် တပ်ထားသော ပါးစပ် ပိုင်ရှင် မိန်းမကြီးဆီ ရောက်သွားကာ ဆွဲကြိုးနှင့်ငွေ လဲလှယ်လိုက်ပြီး ချွေးသီးများ တွဲခိုနေသည့်မျက်နှာဖြင့် အနီထောင်ဝိုင်း တစ်ခုဆီသို့ ဦးတည် လိုက်လေသည်။

“အဲဒါပဲ ငါ့မြေး..လောင်းကစားသ မားရဲ့ ပိုက်ဆံအိတ်ဟာ နှဲမှုတ်သမား ပါးလိုပဲကွ၊ ပိန်လိုက်ဖောင်းလိုက်နဲ့ ဘယ်တော့မှ မမြဲဘူး”

အဖြစ်အပျက် အစအဆုံးကို တစိမ့်စိမ့်ကြည့်နေသော အဖိုးအိုက သူ့မြေးကို လှမ်းပြောလိုက်သည်။

ထိုအနီထောင်ဝိုင်းများ နဘေးတွင် ကား လူနှစ်ဆယ်ခန့် ဝိုင်းအုံနေသည့် လေးပြားဝိုင်း။ ထိုလေးပြားဝိုင်းနဘေး သီဟိုဠ်ပင်ကြီး ခြေရင်းတွင်ကား ယုံကြည်ရာ တစ်စုံတစ်ခုကို ရည်မှန်း ပူဇော်ထားဟန် တူသော တောက်လောင် နေဆဲ ဖယောင်းတိုင် အမွှေးတိုင်များ ဟိုတစ်စု သည်တစ်စု။ ထိုသီဟိုဠ် ပင်ကြီး၏ ဟိုဘက် အရိပ်တွင်ကား လွယ်အိပ်အစုတ် တစ်လုံး လွယ်ထားသူ နှင့် မိတ်ကပ်ထူထူ လိမ်းခြယ်ထားသော ညိုညစ်ညစ်အမျိုး သမီးတစ်ဦးတို့ ကျယ်လောင်စွာ စကား စစ်ထိုးနေကြ၏။

မြင်ကွင်း (သုံး)

“ဝိုင်းမကျလည်းပေး၊ ကျလည်းပေး မယ်ဆိုရင် တစ်ရက်တစ်သောင်း၊ က စားမယ့် လူတွေလာမှခင်းရင် သုံး သောင်းလို့ အစကတည်းက ပြောပြီး သားပဲ..၊ အခု နင်တို့က သေချာမှ ခင်းတာလေ၊ သုံးသောင်း ပေးရင်ပေး မပေးရင် အခု ပြန်သိမ်း”

“နံနက်ကတည်းက ခင်းထားတာ ရှင့်၊ ရှင်မှ လာမကောက်တာ၊ ခုန နေပူလာလို့ ခဏ သိမ်းထားတာလေ၊ အခု အရိပ်ရမှပြန်ခင်းပြီး ခုလေးတင် ဝိုင်းကျတာပါ၊ နေ့တိုင်းပေးနေကျပဲဟာ ကို၊ ရော့..တစ်သောင်း”

“မရဘူး မရဘူး မင်းငါ့ကို လာမ ဘတ်နဲ့.. နင်တို့ အံဂလုံဒိုင်တွေဆီက အကောက်ကြေးရတာက နည်းနည်း ငါတို့ပါးစပ် ညောင်းတာက များများ..”

“…… ……..”

အချေအတင် ငြင်းခုံနေကြတုန်း အံဂလုံ(အံစာတုံး ကြိုးဆွဲကစားနည်း)ဆွဲနေသူများ နားညည်းဟန်ဖြင့် ကြက် ဝိုင်း ဘက်သို့ ထထွက်သွားကြသည်။ အရိပ်ကောင်းလှသည့် ဗံဒါပင်ကြီး အောက်သို့ မရောက်ခင်မှာပင် ကြေး ခေါ်သံများက သူတို့ကို ဆီးကြိုကြလေ ၏။

“ရှမ်းက တစ်ဆယ် တစ်ဆယ့် ငါး”

“ရှမ်းက တစ်ဆယ့်ခွန်”

“နှစ်ဆယ်ပေးရင် ဘမ်းဘက်က နေမယ်”

“ဟေ့ကောင်..ရေမပေးနဲ့ လေပဲ ပေး၊ ဖိမှုတ်..ဖိမှုတ်ထား နင့်ကြက် မမောသေးဘူး”

ညံစီနေသော လူအုပ်ကြီးက စည်း ကိုတော့ မကျော်ကြပါ။ ပေနှစ်ဆယ်ခန့် ကျယ်သည့် သဲခုံတွင် နစ်လုလု ကြိုးစည်းအလယ်မှာတော့ နီရဲဖူးရောင် နေသော ကြက်နှစ်ကောင်နှင့်အပြိုင် ကြက်သခင်နှစ်ယောက် ချွေးတဒီးဒီး ကျပြီး မာန်ဖီနေကြသည်။ သူတို့ နံဘေးရှိ နာရီကိုင်ထားသူနှင့် စာရွက် ဘောပင် ကိုင်ထားသူတို့က ထိုင်လိုက် ထလိုက်။ ပင်လယ်ဖက်ဆီက တိုက်ခတ် လာသော လေညင်းနုက သူတို့၏ အတ္တချွေးစက်များ၊ မောဟမီး တောက်များကို ငြိမ်းသတ်ရန် မစွမ်းနိုင် ဟန်မတူ။ အချိန်နဲ့တပြေးညီ ပြောင်းလဲ နေသော လောင်းကြေးအား စိတ်ကူးမ ယဉ်နိုင်သူများက ဂျောက်ဂျက်ဝိုင်းများ ဘက်သို့ ထွက်လာကြလေသည်။

 

မြင်ကွင်း (လေး)

“က္လောက် က္လောက် ကက္လောက်.. …”

“ထိုးထားထိုးထား၊ အာ..နှစ်ရာ တန်နဲ့ မရဘူးအဘ၊ အနုတ်မရှိဘူး၊ အနည်းဆုံး ငါးရာတန်”

ဂျောက်ဂျက်(အံစာ)ဒိုင်အမျိုးသမီး ပြန်ကမ်းပေးသော နှစ်ရာတန်လေးက အရိုးပြိုင်းပြိုင်း လက်တစ်ဖက်ဆီ ရောက်သွားချိန်မှာ ထန်းတက်ဓားအိမ် ခါးတွင် ထိုးထားသူက မောလျစွာ ညည်းညူလိုက် လေသည်။

“ဒီနယ်မှာ တစ်ခဏတာ ဆော့တဲ့ ငွေပမာဏက ကျုပ်တို့အညာမှာ တစ် ဘ၀တာ အပြောင်းအလဲကို ပုံဖော်နိုင် တယ် အဘရေ..”

ပိုကာဒေါင်းနေသော အမျိုးသမီး တစ်သိုက်၏ မျက်စောင်းများက ထို အညာသားကို ပြေးဆောင့်ကြ၏။ အဘိုးအိုသည် နှစ်ရာတန်လေးကို ကျစ် ကျစ်ဆုပ်ကိုင်ကာ လောင်းကစားဝိုင်း များနဘေးရှိ စားသောက်ဆိုင်တန်းသို့ ဦးတည်၍ တရွေ့ရွေ့ထွက်ခွာ သွားတော့သည်။

image-c4b32ece08ac69d5a8ef0c84e025d607f57170048b924fec781ec96a265877eb-V

မြင်ကွင်း (ငါး)

“သမီး..ဆတ်ချိုနု နှစ်ရာဖိုး လောက်”

တိုးလွန်းသည့် သူ့အသံကို စားပွဲ ထိုးမလေး ကြားဟန်မတူ။ သူမ၏ အာရုံများက ဆိုင်အတွင်းစားပွဲတစ်ခုရှိ လူလေးယောက်ဆီသို့သာ ရောက် နေဟန်တူ၏။ လောင်းကစားဝိုင်းများကို ကျောပေးထိုင်နေသည့် ကော်လာကတုံး အင်္ကျီ အဖြူဝတ်ထားသူက ခေါက်ဆွဲ ကြော်ကို ပလုပ်ပလောင်း ဝါးရင်း အင်္ဂလိပ်လိုရေးထားသော ပုလင်းထဲမှ ရွှေရောင်အရက်ကို ဖန်ခွက်ထဲသို့ ငှဲ့နေသည်။ မျက်မှန် အနက်များ တပ်ထားသူနှစ်ယောက်က ခြင်္သေ့တံဆိပ်ပုံး အဖြူများကို အငမ်းမရ ပြိုင်တူမော့ နေကြသည်။ ဖောင်းကား နေသည့်အိတ် ကြီးလွယ်ထားသူ၏ နှတ်ခမ်းဖျားမှ စကားလုံးတွေ လျှံကျ နေသည်။

“ဒီနေ့ အနီထောင်ဝိုင်း သိပ်မကျ တော့ မကိုက်သေးဘူးဗျာ၊ လူတွေက ကြက်ဝိုင်းမှာပဲ သွားစုနေတယ်၊ မနေ့က ဒီအချိန်ဆို ဝိုင်းတွေမှာ လူပြည့်နေပြီ၊ ညတုန်းကလည်း ထားဝယ် ဘက်က လူတွေ သိပ်မဆင်းဘူးဗျ၊ ဒေါင်းရှောင် ရွာမှာ ဇာတ်ပွဲဝင်နေတော့ အဲဒီဘက် သွားတယ် ထင်ပါရဲ့..”

“ဒီပင်လယ်ရွာဘက်မှာ လှေတွေမ ဝင်သေးတော့ ထားဝယ်နဲ့ အခြားနယ်က လူတွေကိုပဲ အားထားနေရတာ၊ ဒီနယ် က လူတွေအားကိုးနဲ့သာ လုပ်စားရရင် ခွက်ခွက်လန်ပဲ၊ ဒီကြားထဲ ဆရာတို့က စခန်းကြီးရွာမှာ ဝင်ဖမ်းပြလိုက်တဲ့ အ ရှိန်နဲ့ လူတွေ နည်းနည်း လန့်နေကြသေး တယ်”

“ကောင်မလေး..ဆတ်ချိုနု နှစ် ရာဖိုး”

အဘိုးကြီး၏ ခန့်တင်းတင်းအ သံကို စားပွဲးထိုးမလေး ကြားသွားဟန် တူသည်။

“မရှိဘူးရှင့်”

“အာ.. မီးငယ်.. အဘိုးကြီးကို အနီ ငါးရာဖိုးလောက် ထည့်ပေးပြီး ပြန်လွှတ်လိုက်၊ ငါ့စာရင်းထဲ ပေါင်း ထား.. နားညီးတယ်ဟာ. .ဒီမှာလူကြီး သူကြီးတွေနဲ့ စကားပြောနေတာ”

“မသောက်တော့ပါဘူး တူမောင် ရယ်၊ အဘပြန်ပါတော့မယ်၊ မပြန်ခင် သာ တစ်ခုလောက်တောင်းဆိုခဲ့ ပါရစေ”

ပြောပြောဆိုဆို ဆိုင်အတွင်း ဇွတ် ဝင်လာသော အဘိုးအိုကို ထိုင်နေသူ များ မတားသာတော့။

“ပြောဗျာ ဘာလိုလဲ တက္ကစီခလား မြန်မြန်ပြော”

“အဘက ဒီနားလေးနေတာပါ၊ လမ်းစရိတ် မလိုပါဘူး၊ ခုပြောမှာက ငါ့တူကြီးကောင်းဖို့ အတွက်ပါ၊ ဒီမယ် ငါ့တူ . .၊ ဒီရွာမှာက လှေပိုင်ရှင်ထက် လှေသားကများတော့ လှေဝင်လာ လည်း ငွေဖြုန်းနိုင်သူက ရှားတယ်၊ နောက်ပြီး လှေသားတွေက လှေရှင်တွေ ဆီမှာ လေးငါးသိန်းကြိုယူထားပြီးသား ဆိုပေမယ့် . . . .လှေဝင်လာရင် ဒီကစားဝိုင်းလာဖို့ ငွေထပ်ယူကြ လိမ့်မယ်..

နိုင်ရင် သောက်စား သုံ့းဖြုန်းမယ်၊ ရှုံးရင် လှေရှင်တွေဆီမှာ ငွေထပ်တောင်း မယ်၊ လှေရှင်တွေ ထပ်ပေးရင် အကြွေး နွံနစ်ပြီး တစ်သက်လုံး ကျွန်ဖြစ်မယ်၊ အဲဒါကလည်း လှေရှင်တွေ ချောင်လည် ဦးမှ၊ မပေးနိုင်ရင်၊ မပေးရင် ပြဿနာ ရှာပြီး အလုပ်ထွက်ကြမယ်၊ ရုံးတွေဂါတ် တွေကို ရောက်မယ်၊ အဲ..တစ်နိုင်တစ်ပိုင် လှေလုပ်ငန်းရှင်လေးတွေ ကစားလို့ နိုင်လည်း အဖတ်တင်တယ် မကြားဖူး ပါဘူးကွယ်…”

“ကျုပ်က ဒီရွာခံတွေဆီကရမယ့် အမြတ်အစွန်းကို ထည့်တောင် မတွက် ဘူး အဘ၊ ဇာတ်ပွဲအတွက်လည်း ကျုပ်ပဲ အကုန်အကျခံတဲ့ အပြင် ရွာအတွက် ငွေတောင်လှူထား သေး တယ်”

ချေပသံထွက်လာသည်။ အဘိုးကြီးက ထိုသူ့မျက်နှာ စေ့စေ့ ကြည့်ကာ ဆက်ပြောလေ၏။

“ကျွဲကူးတော့ ရေပါပြီပေါ့ တူ မောင်ရယ်၊ ထောင်းထောင်းထနေတဲ့ အညှီနံ့ကို ဘယ်ယင်ကောင်က ရှောင် နေနိုင်မှာလဲ၊ ပြီးတော့.. လောင်းကစား ဝိုင်းကပေးတဲ့ ငွေလေး မစို့မပို့ကို တို့ရွာသားတွေ မမက်လှပါဘူး၊ ရှုံးလို့ စီးပွားပျက်ပြီး ယိုးဒယားမှာ ကျွန်သွားခံ နေရသူတွေ၊ မိသားစုစိတ်ဝမ်းကွဲဖရိုဖရဲဖြစ်သွားသူတွေကို မင်းတို့ပေးတဲ့ငွေနဲ့ ကယ်နိုင်မလား၊ ဒါတွေအားလုံးရဲ့ တရားခံက တစ်ယောက်တည်း မဟုတ် ပေမယ့် ကစားဝိုင်း စထောင်ပေးတဲ့ တူမောင်တို့တွေက အဓိကပဲလေ၊ အဘိုးက အရက်သောက်ချင်လို့ ဒီလာခဲ့ တာ မဟုတ်ပါဘူး၊ ပြောပြ တိုက်တွန်း ချင်လွန်းလို့လာခဲ့တာပါ တူမောင် ရယ်..၊ မီးဆိုတာ မလောင်ခင် တားရ တာလေ”

အဘိုးကြီးမောသွားဟန်ဖြင့် ခဏ နားလိုက်ကာ နဂိုကတည်းက အိပ် ရေးမ၀၍ ကြောင်အမ်းအမ်းဖြစ်နေဟန် တူသော ထိုသူ့ထံမှ မျက်လုံးခွာလိုက်၏။ ပြီးနောက် မျက်မှန်နက်များဘက် လှည့်ကာ တည်ကြည်လေးနက်သော အသံဖြင့်   ဆက်ပြောလေသည်။

“ဒီဝန်းကျင်ကို သေသေချာချာတစ် ချက်လောက် ကြည့်လိုက်စမ်းပါ၊ နိုင်ငံသားတွေက အခုလို လောင်း ကစားနဲ့ နှစ်ပါးသွားနေရင် တိုင်းပြည် မကြာခင် လုံးပါးပါးလိမ့်မယ်၊ ပါဝင် ပတ်သက်သူတွေရဲ့ လုပ်အားဆုံးရှုံးမှုကို တွက်ကြည့်ရင်တောင် ရင်မောစရာကြီး၊ ဒေသခံရွာသူရွာသား အများစုကလည်း မလိုလားကြပါဘူး၊ အဝေးက လာကစားတဲ့ ဒိုင်နဲ့ထိုးသားတွေလည်း ဒီလိုဝေး လံခေါင်သီတဲ့ လျှိုချောင်မြိုင် ကြားတွေကို လာရတာ အချိန်ကုန် လူနွမ်း အန္တရာယ်များလှပါတယ်..”

“လောင်းကစားဝိုင်းတွေကို တား နိုင်ရင် အမြန်တားပေးကြပါ လူလေးတို့ ..၊မြင်လျက် သိလျက်နဲ့ မသဒ္ဓါရေစာ ဆက်ကြေးလေးကို သွားရေကျပြီး ရူးချင်ယောင်မနေကြပါနဲ့၊ မတားနိုင်ရင် လည်း ကုရာ နတ္တိ ဆေးမရှိသူတွေအတွက် လောင်းကစားနည်းပေါင်းစုံပါတဲ့ လောင်းကစား ရုံကြီးတွေသာ တရားဝင် ထောင်ပေး လိုက်ပါတော့..”

အချိန်ကား ညနေ သုံးနာရီခွဲ၊ နေမင်းက အကျဘက်ဦးတည်ပြီ။

တနင်္သာရီအပတ်စဉ်အတွဲ ၂ အ မှတ် ၂၈ တွင် ထားဝယ်ခရိုင် အုပ်ချုပ် ရေးမှူး၏ ပြောကြားချက်ကို ကိုးကား ဖော်ပြချက်အရ လောင်းကစားဝိုင်းများကို ခွင့်ပြုသည့် ကျေးရွာအုပ်ချုပ်ရေးမှူး များကို တာဝန်မှ ရပ်စဲသည်အထိ အရေးယူနိုင်သည်ဟု ဖော်ပြထား သည်။

သို့သော် လောင်းကစားဝိုင်းများက ဟိုရွာ ဒီရွာ ဟိုနား ဒီနား ရက်ရှည် လုပ်နေကြဆဲ။ ဟိုနားဒီနားသွားရင်း မှတ်သားမိသလောက် ဇာတ်ပွဲရှိ ရွာ တစ်ဝက်လောက် လောင်းကစားရှိ သည်ကို သတိထားမိသည်။

ကြက်ဝိုင်းပွဲ (ပြီးသွားသည်)လေ ပြီ။ အချို့ လောင်းကစားဝိုင်း ကူးကြ သည်။ ဈေးဆိုင်တန်းများလည်း ပြန် စည်လာသည်။

ကျောင်းဆင်း၍ ပြန်လာဟန် တူ သော အဖြူအစိမ်းလေးများ သီဟို တောအုပ်လေးအတွင်း ကူးလူးပြေးလွှား နေကြသည်ကို အနီထောင်ဒိုင်၏ သမီး လေးက လိုက်ငေးနေလေသည်။