ဘယ်မြို့ကြီးက ကားအကြပ်ဆုံးလဲ

0
846

ရန်ကုန်ကတော့ အားလုံး ကြုံဖူးကြတဲ့ အတိုင်းပဲ။ ဘာနဲ့သွားသွား လုံးဝကို မချောင်ကြော။ တက္ကစီငှားမလား၊ ကြားရက်တွေမှာတော့ ည ၉ နာရီနောက်ပိုင်းလောက်ကလွဲပြီး လိပ်နှုန်းနဲ့ တရွေ့ရွေ့သွားနေရတဲ့ ကြားထဲ အချို့သော ကားဆရာတွေရဲ့ ပွားတဲ့ ဒဏ်ကို ခံပေဦးတော့။

jakarta
ဂျာကာတာ ယာဉ်ကြော ကြပ်နေပုံ။ Photo – www.vacationbaliindonesia.com

ကိုယ်ပိုင်ကားနဲ့ဆိုလည်း ဘာထူးလဲ။ လည်လည်ဝယ်ဝယ် မရှိလို့ကတော့ လိုင်းကားဆရာတွေရဲ့ ပစ်ပစ်နစ်နစ် မေတ္တာပို့သံကြောင့် တခါတည်း နိဗ္ဗာန်ရောက်သွားနိုင်တယ်။

လိုင်းကား စီးမယ်ဆိုရင်တော့လား ပြောမနေနဲ့တော့။ ရထားကလည်း ပုံမမှန်။

ဘန်ကောက်ကတော့ မိုးပျံ ရထား၊ တက္ကစီ၊ လိုင်းကား၊ ဆိုက်ကယ် ရွေးစရာပေါလို့ နည်းနည်း သက်သာတယ်လို့ေ ပြောလို့ရမယ်။

ဆိုတော့ ရန်ကုန်မြို့က အဆိုးဆုံးလား။

၂၀၁၄ ခုနှစ်မှာ နာမည်ကျော် ကတ်စရို လောင်စာ ကုမ္ပဏီက ကောက်ထားတဲ့ Stop-Start ဆိုတဲ့ ညွန်းကိန်းအရ ကမ္ဘာပေါ်မှာ ကားအကြပ်ဆုံး မြို့ကတော့ အင်ဒိုနီးရှားနိုင်ငံရဲ့ မြို့တော် ဂျာကာတာပါတဲ့။

တစ်နှစ်မှာ Stop-Start အကြိမ်ရေ ၃၃၂၄၀ နဲ့ ဗိုလ်စွဲပါတယ်တဲ့။ သူ့နောက်ကတော့ တူရကီနိုင်ငံရဲ့ မြို့တော် အစ္စတန်ဘူက ၃၂၅၂၀ ကြိမ်၊ မက္ကဆီကိုရဲ့ မြို့တော် မက္ကဆီကို စီးတီးက ၃၀၈၄၀ ကြိမ်နဲ့ နောက်က လိုက်နေပါတယ်။

ကားအချောင်ဆုံးကတော့ ဖင်လန်နိုင်ငံက တမ်ပါရာက ၆၂၄၀ ကြိမ် နဲ့ တစ်ပြေးပါတယ်။

(အချောင်ဆုံးနဲ့ အကြပ်ဆုံး စာရင်းတွေကို သီးသန့်ဖော်ပြထားပါတယ်)

ဒီကြိမ်နှုန်းတွေကိုတော့ အဲဒီတိုင်းခဲ့တဲ့ မြို့ကြီး ၇၈ မြို့က ကားဆရာတွေက သူတို့ ကားတွေမှာ တပ်ထားတဲ့ GPS အခြေပြု အတိုင်းအတာအတွက်အချက် သန်းထောင်ပေါင်းများစွာကို ပေးပို့ကူညီတာကနေ တဆင့် တွက်ချက်ထားပါတယ်တဲ့။

ဒါပေမဲ့ ကံမကောင်းအကြောင်းမလှစွာနဲ့ပဲ ရန်ကုန်မြို့ကြီးကတော့ အဲဒီတိုင်းတာခံခဲ့ရတဲ့ မြို့တော်ကြီး ၇၈ မြို့မှာ မပါခဲ့ပါဘူး။ ဘန်ကောက်တောင် အဆိုးဆုံး အဆင့် ၈ သွားချိတ်တော့ ရန်ကုန်ဆိုရင်တော့ . . . ။

နောက်နှစ်တွေမှာ ရန်ကုန် ပါမယ်ဆိုရင်တော့ ဘယ်နေရာများမှာ သွားချိတ်မလဲ မသိဘူးလေ . . . နော။

 

အဆိုးဆုံး ၁၀ မြို့

၁၀။ ဘရူနော့ အိုင်ရီး (အာဂျင်တီးနား) – ၂၃၇၆၀
၉။ ဂွာဒါရာဂျာရ (မက္ကဆီကို) – ၂၄၈၄၀
၈။ ဘန်ကောက် (ထိုင်း) – ၂၇၄၈၀
၆။ ရောမ (အီတလီ) – ၂၈၆၈၀
၆။ မော်စကို (ရုရှား) – ၂၈၆၈၀
၅။ စိန့်ပီတာ စဘတ် (ရုရှား) – ၂၉၀၄၀
၎။ ဆူရာဘာယာ (အင်ဒိုနီးရှား) – ၂၉၈၈၀
၃။ မက္ကဆီကို စီးတီး (မက္ကဆီကို) – ၃၀၈၄၀
၂။ အစ္စတန်ဘူလ် (တူရကီ) – ၃၂၅၂၀
၁။ ဂျာကာတာ (အင်ဒိုနီးရှား) – ၃၃၂၄၀

 

ကားအချောင်ဆုံးမြို့ကြီးများ

၁၀။ ကိုဆီး (စလိုဗက်ကီးယား) – ၇၄၄၀
၉။ ကိုပေဟေဂင် (ဒိန်းမတ်) – ၇၄၄၀
၈။ ဘာနော့ (ချက်) – ၇၃၂၀
၇။ ပေါ်တို (ပေါ်တူဂီ) – ၇၂၀၀
၆။ အန့်ဝက်ပ် (ဘယ်ဂျီယံ) – ၇၀၈၀
၅။ ဘရစ်စဘန်း (သြစတြေးလျ) – ၆၉၆၀
၃။ အဘူဒါဘီ (ယူအေအီး) – ၆၈၄၀
၃။ ဘရာတီစလာဗ (စလိုဗက်ကီးယား) – ၆၈၄၀
၂။ ရော့တာဒမ် (နယ်သာလန်) – ၆၃၆၀
၁။ တမ်ပါရာ (ဖင်လန်) – ၆၂၄၀