လာမည့်ရွေးကောက်ပွဲ တနင်္သာရီတိုင်းတွင် မွန်ဝန်ကြီးတစ်ဦးရွေးချယ်ရေး စိစစ်

0
819

လာမည့် ရွေးကောက်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီးအတွင်း မွန်တိုင်းရင်းသားဝန်ကြီး ရွေးချယ်နိုင်ရန် အတွက် တိုင်းဒေသကြီးအစိုးရ၊
ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တို့ထံ တိုင်းအတွင်းရှိ မွန်လူဦးရေစာရင်းကို တင်ပြထားသဖြင့်
စိစစ်နေကြောင်း တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲနှင့် မွန်လူဦးရေစာရင်း ကောက်ခံရေးအဖွဲ့တို့ထံမှသိရသည်။

10960465_1525257257734675_5351095057972860594_o
၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်နေ့က ကော့သောင်းမြို့တွင် မွန်အမျိုးသားနေ့ ကျင်းပစဉ်။  ဓာတ်ပုံ – နိုင်သစ်

၂၀၁၄ ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ကောက်ခံရရှိသည့်စာရင်းအရ တနင်္သာရီတိုင်း ဒေသကြီးအတွင်း မွန်လူဦးရ ၆၂၀၀၀ ကျော်ရှိပြီး
ယင်းလူဦးရေစာရင်းကို နိုဝင်ဘာလက အထက်ပါကော်မရှင်နှင့်အဖွဲ့များသို့ တင်ပြထားကြောင်း မွန်လူဦးရေ စာရင်းကောက်ခံရေး အဖွဲ့ထံမှသိရသည်။

“လာမယ့် ရွေးကောက်ပွဲမှာ မွန်ဝန်ကြီးအတွက် မဲပုံးတစ်ပုံး ထပ်တိုး လာနိုင်တယ်”ဟု တနင်္သာရီတိုင်း ဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ
ရွေးကောက်ပွဲ အရာရှိဦးထိန်လင်းဦး ကပြောသည်။

မွန်လူဦးရေစာရင်း ကောက်ခံရေးအဖွဲ့မှပြုစုထားသည့် မွန်လူဦးရေခြောက်သောင်း ကျော်သည် မွန်တိုင်းရင်းသားဝန်ကြီး တစ်ဦး ရွေးချယ်ရန်
လုံလောက်သည့် လူဦးရေဖြစ်သည့်အတွက် တနင်္သာရီတိုင်းဒေသကြီးတွင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီးအပြင် မွန်တိုင်းရင်းသားရေးရာဝန်ကြီးပါ
ထပ်တိုးလာနိုင်သည်ဟု ရွေးကောက်ပွဲအရာရှိ ဦးထိန်လင်းဦးကပြောသည်။

“မွန်လူဦးရေစာရင်းကောက်တဲ့အဖွဲ့က တင်ပြလာတာရှိပါတယ်။ တိုင်းထဲမှာမွန်လူဦးရေ ခြောက်သောင်း ကျော်ရှိတယ်လို့ပါတယ်။
အဲဒါကိုပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ဆက်တင်ပြပေးထားပါတယ်”ဟု ၎င်းကဆိုသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနထံတွင် လူဦးရေစာရင်း တောင်းခံ၍
ယင်းမွန်လူဦးရေစာရင်းအား စိစစ်လျက်ရှိကြောင်း ဦးထိန်လင်းဦးကဆိုသည်။

တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံသို့ မွန်တိုင်းရင်းသားအတွက်သာ လူဦးရေစာရင်းကောက်၍တင်ပြထားပြီး
အခြားတိုင်းရင်းသားများက လူဦးရေစာရင်းကောက်ကာ တင်ပြလာခြင်းမရှိကြောင်း ၎င်းကပြောသည်။

ဗမာ တိုင်းရင်းသားမျိုးနွယ်စုတွင်ပါဝင်သည့် ထားဝယ်၊ မြိတ်၊ ဆလုံစသည့် တိုင်းရင်းသားများအတွက်မူ ဝန်ကြီးရွေးချယ်ခွင့်ရှိမရှိကို
ပြည်ထောင်စုလွှတ်တော်ကသာ ဆုံးဖြတ်နိုင်လိမ့်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

တိုင်းဒေသကြီးအတွင်း မွန်ဝန်ကြီးတစ်ဦးရွေးချယ်ခွင့်ရှိပါက တိုင်းအတွင်းရှိ ပါတီကြီးအများစုဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး
အချို့မှာကိုယ်စားလှယ်များကိုပင် လျာထားပြီးဖြစ်ကြောင်း ပါတီများထံမှသိရသည်။

တိုင်းအတွင်း မွန်ဝန်ကြီး ရွေးချယ်ခွင့် ရမရအတိအကျကိုမူ မဲဆန္ဒနယ်မြေသတ်မှန်ချိန်ဖြစ်သည့် ရွေးကောက်ပွဲမတိုင်မီ ရက် ၉၀ အလို
ဇူလိုင်လဝန်းကျင်တွင် ထုတ်ပြန်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုရရှိပြီး တိုင်းရင်းသားလူမျိုးများမှအပ
တိုင်းရင်းသားဦးရေသည် နိုင်ငံတော်ရှိစုစုပေါင်းလူဦးရေ၏ ၀ ဒဿမ ၁ ရာခိုင်နှုန်းနှင့်အထက်ရှိသည်ဟု သက်ဆိုင်ရာကသတ်မှတ်ပါက
တိုင်းရင်းသားလူမျိုးတစ်မျိုးလျှင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် တစ်ဦး ရွေးချယ်ခွင့်ရှိကြောင်း ၂၀၀၈ ခုနစ်ဖွဲ့စည်းပုံအခြေခံဥပဒေတွင်
ပါရှိသည်။

၂၀၁၀ ရွေးကောက်ပွဲကျင်းပစဉ်ကမွန်လူဦးရေ အများအပြားနေထိုင်ကြသည့် ရန်ကုန်၊ ပဲခူးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် မွန်လူဦးရေ ၅၇၀၀၀ မပြည့်ဟုဆိုကာ
မွန်တိုင်းရင်းသားရေးရာ ကိုယ်စားလှယ်ရွေးချယ်ခွင့်ဆုံးရှုံးခဲ့ရသည်ဟု မွန်ခေါင်းဆောင်အချို့ကပြောဆိုခဲ့ဖူးသည်။