အောက်ဈေးဖြင့် ပေးမည်လော

0
947

နိုင်ငံအတွင်း သဘာဝသယံဇာတ တူးဖော်မှုဆိုင်ရာ စီမံကိန်းများနှင့် အခြား ဖွံဖြိုးရေးအမည်ခံ စီမံကိန်းများနှင့် ပတ်သက်ပြီး မြန်မာအစိုးရက အစဉ်သဖြင့် အောက်ဈေးဖြင့် ခွင့်ပြုချက်ပေးခဲ့သည်ကို တစ်တိုင်းပြည်လုံး အသိဖြစ်သည်။

ယင်းသို့ အောက်ဈေးဖြင့် သယံဇာတများကို ရောင်းချခြင်း၊ စီမံကိန်းများကို ခွင့်ပြုသည့်အပေါ်လည်း ထောက်ပြဝေဖန်ကြသည်မှာ ဈေးသည်မှအစ ပညာရှင် အဆုံးဖြစ်သည်။

ထို့ကြောင့် ထပ်ဆင့် နစ်နာမှုမဖြစ်စေရန် ယင်းစီမံကိန်း ဒေသနှင့် ယင်းစီမံကိန်းကြောင့် ထိခိုက်နစ်နာကြရသူများဘက်မှ ရပ်တည်ပြီး လူထုအခြေပြု အဖွဲ့အစည်းများက အစဉ်တစိုက် ရပ်တည်ခဲ့ကြသည်။ မဖြစ်သင့်သည့်၊ လူထု မလိုလားသည့် စီမံကိန်းများဖြစ်ပါက မဖြစ်လာဖို့၊ ထိခိုက်နစ်နာမှုများအတွက် ထိုက်သင့်သည့် ခံစားခွင့်များရဖို့ ကိုယ်စားပြု တောင်းဆိုကြ၊ တောင်းဆိုတတ်စေရန် အသိပညာပေးကြသည်။

နိုင်ငံအဝန်း အခြားစီမံကိန်း ဧရိယာများကဲ့သို့ပင် ထားဝယ်စီမံကိန်းဧရိယာတွင်လည်း ယင်းသို့သော တောင်းဆိုမှုများ ရှိသည်။ စီမံကိန်းကာလတစ်လျှောက် ထိုက်သင့်သည့် အခွင့်အရေးအတွက် တောင်းဆိုကြသည်ကိုသာ အစဉ်တစ်စိုက်တွေ့လာခဲ့သည်။

သို့သော် ဖေဖော်ဝါရီလဆန်း ထားဝယ်စီမံကိန်းကို ထောက်ခံ ဆန္ဒပြမည်ဟု သိရသည်။

ချဉ်ချဉ်တူးတူး စီမံကိန်းဖြစ်လျှင်ပြီးရောဟူသည့်သဘောဖြင့် စီမံကိန်းကို အမြန်လာပါဟု လက်ယပ်ခေါ်သည်ဟု ယူဆရမည်။ ရောင်းလိုအား ဝယ်လိုအား သဘောနှင့် ပြောလျှင် ယင်းထောက်ခံ ဆန္ဒပြခြင်းသည် စီမံကိန်း ဖော်ဆောင်မှုကြောင့် ဖြစ်လာမည့် ထိခိုက်နစ်နာမှုများအတွက် တစ်စုံတစ်ရာ တောင်းဆိုသည့်အချိန်တွင် အနှုတ်ဘက်သို့ ဦးတည်ရန်မည်ဖြစ်သည့်အတွက် ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်ခြင်းသာ ဖြစ်သည်။

ထောက်ခံ ဆန္ဒပြမှု၏ နောက်ကွယ်တွင် မည်သည့်အဖွဲ့အစည်း မည်သည့် ပုဂ္ဂိုလ်များ ပါနေသည်ကို မပြသော်လည်း မြင်၊ မပြောသော်လည်း ကြားနေရသည်။ ဒေသခံများအနေဖြင့် စဉ်းစားရမည်မှာ အဆိုပါ အဖွဲ့အစည်းများ ပုဂ္ဂိုလ်များ စေတနာသည် မည်မျှ ကိုယ်ကျိုးစွန်းထင်းမှု ကင်းသနည်းဟူသည်ကို ဖြစ်သည်။ ယင်းသို့ သေသေချာချာ မစဉ်းစား မသုံးသပ်ဘဲ ကောင်းမည်ထင်သည်ဟူသည့် အတွေးတစ်ခုတည်းဖြင့် လုပ်မည်ဆိုပါက မိမိရပိုင်ခွင့်များကို အောက်ဈေးဖြင့် ထိုးကျွေးလိုက်သည်နှင့် အတူတူပင်ဖြစ်သည်။

ဒေသခံများအနေဖြင့် စဉ်းစားရမည်မှာ အောက်ဈေးနှင့် ပေးမည်လော။ ထိုက်သင့်သည့် အခွင့်အရေးအတွက် ခိုင်ခိုင်မာမာ၊ ရဲရဲရင့်ရင့် တောင်းဆိုမည်လော ဟူသည့် အချက် ဖြစ်သည်။ အစိုးရများက အောက်ဈေးနှင့် ပေးထားသည့် စီမံကိန်းများအတွက် ဒေသခံများက ထပ်ဆင့်ပြီး အောက်ဈေးဖြင့် မပေးရန် လိုပေသည်။

အယ်ဒီတာ

ဇန်န၀ါရီ ၃၁၊ ၂၀၁၅