ကော့တောင်ကျွန်း လူသတ်မှု တရားခံ သက်သေများ လိုက်လံစုဆောင်း

0
881

ထိုင်းနိုင်ငံ၊ ကော့တောင်ကျွန်းတွင် ဗြိတိန်နိုင်ငံသားနှစ်ဦးကို သတ်သည်ဟု စွပ်စွဲခံထားရသော မြန်မာနှစ်ဦး၏ အမှုအတွက် ထွက်ဆိုပေးရန်  သက်သေများကို လိုက်လံ ရှာဖွေစုံစမ်းလျှက်ရှိကြောင်း ယင်းအမှုအား လိုက်ပါဆောင်ရွက်ပေးနေသည့် မြန်မာသံရုံးမှ အထူးစုံစမ်းရေးအဖွဲ့ထံမှ သိရသည်။

Win Zaw Htun and Zaw Lin

အမှုနှင့် ပတ်သက်၍ နှစ်ဖက် လျှောက်လဲချက်ပေးနိုင်ရန် ၂၀၁၅ ခုနှစ် ဇူလိုင်လ ၈ ရက်မှ စက်တင်ဘာလအထိ စုစုပေါင်း ရုံးချိန်း ၁၈ ရက်ရှိပြီး ပထမဆုံး ရုံးချိန်းဖြစ်သည့် ဇူလိုင်လ ၈ ရက်နေ့အတွက် တရားခံ သက်သေများ လိုက်လံစုဆောင်းနေခြင်းဖြစ်သည်။

ကော့တောင်ကျွန်းတွင် အလုပ်လုပ်ပြီး နေရပ်ပြန်သွားသူများ၊ ကျွန်းပေါ်တွင် လက်ရှိ နေထိုင်လုပ်ကိုင်သူ မျက်မြင်သက်သေများ လာမည့်ရုံးချိန်းတွင် ထွက်ဆိုနိုင်ရေး စုံစမ်းနေကြောင်း ယင်းအဖွဲ့မှ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောကြားသည်။

“ဒီအမှုဖြစ်တာနဲ့ ကျွန်းမှာအလုပ်မလုပ်တော့ဘဲ  နေရပ်ပြန်သွားကြတဲ့ မြန်မာအလုပ်သမားတွေထဲမှာ အမှုနဲ့ ပတ်သက်ပြီး သိနေတာတွေ ရှိကြတယ်။ မပြောရဲကြဘူး။ ဒါကြောင့် သူတို့ နေထိုင်ရာ   မြန်မာပြည်အနှံ သွားရောက်ရှာဖွေပြီး တာဝန်သိတဲ့ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ သက်သေထွက်ဆိုပေးအောင် ထွက်ဆိုနိုင်အောင် လုပ်ဆောင်နေတယ်”ဟု ဦးအောင်မျိုးသန့် က ဆိုသည်။

လက်ရှိတွင် မြန်မာနိုင်ငံသား တရားခံဘက်မှ သက်သေ ၃၁ဦးကို ရှာဖွေတွေ့ရှိထားပြီး အမှန်တကယ် ထိရောက်သည့် သက်သေအဖြစ် ထွက်ဆိုနိုင်မှု ရှိမရှိကို စစ်ဆေးနေပြီးနောက် သက်ဆိုင်ရာ တာဝန်ရှိသူများထံ တင်ပြသွားမည်ဖြစ်ကြောင်း မြန်မာသံရုံးမှ အထူးစုံစမ်းရေးအဖွဲ့ထံမှ သိရသည်။

လုံခြုံရေး အခြေအနေ၊ ခရီးလမ်းပန်း စရိတ်စက အခြေအနေများကြောင်း ရုံးချိန်းများကို ဘန်ကောက်တွင် စစ်ဆေးရန် တင်ပြခဲ့သော်လည်း ပယ်ချခံခဲ့ရသည်။

တရားမျှတမှု ဖြစ်ပေါ်စေရေး၊ ဘက်ပေါင်းစုံတွင် နစ်နာမှုမရှိစေရေးတို့အတွက် တရားရင်ဆိုင်ရာတွင် ဥပဒေကြောင်းအရ ကူညီနေသည့် ရှေ့နေများကို ပံ့ပိုးနိုင်ရန်အတွက် ရန်ပုံငွေ တ၀်ရပ်ထူထောင်မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်(Migrant Worker Rights Network) က သတင်းထုတ်ပြန်ထားသည်။

“ဒီအမှုဟာ ကြီးလေးတဲ့အမှု၊ သေဒဏ်အထိကျခံရနိုင် တဲ့အမှုဖြစ်နေတာကြောင့် ပြစ်မှုမကျူးလွန်ရဘဲ မှားယွင်အပြစ်ပေးခံလိုက်ရတာမျိုး ဘယ်သူမှလည်း ဖြစ်စေ ချင်ကြမှာမဟုတ်ဘူး။ ဒါကြောင့်ဒီအမှုမှာ ကူညီနိုင်ဖို့အတွက် ဒီလိုရန်ပုံငွေတစ်ရပ်ကို ထူထောင်ရခြင်းဖြစ် ပါတယ်” ဟု ယင်းအဖွဲ့ ဥက္ကဋ္ဌ ဦးစိန်ဌေးက ဆိုသည်။

ရန်ပုံငွေ အတွက် လှူဒါန်းလိုပါက မြန်မာနိုင်ငံအတွင်း – Tun Tun Lwin: 0981110005698 KBZ Bank သို့လည်းကောင်း နိုင်ငံတကာတွင် http://www.youcaring.com/nonprofits/justice-koh-tao-murder-case/246839 သို့လည်းကောင်း ဆက်သွယ်စုံစမ်းလှူဒါန်းနိုင်ကြောင်း ထုတ်ပြန်ထားသည်။

ထိုအလုပ်သမားနှစ်ဦးသည် မတရား ဖမ်းဆီးခံထားရသည်ဟု စိုးရိမ်ပူပန်မှုများ ရှိသည့်အပြင် ဖမ်းဆီးစဉ်က သက်သေအထောက်အထား မပြည့်စုံဟု ယူဆနိုင်ခြင်း၊ ဖမ်းဆီး ပြီးနောက် နှိပ်စက်ညှင်းပန်းခံခဲ့ရကြောင်း တိုင်ထားကြားခြင်း တို့ကြောင့် မှားယွင်း အပြစ်ပေးခဲ့ရမည့် အနေအထားလည်း ဖြစ်သွားနိုင်ကြောင်း ယင်းကွန်ရက်က သုံးသပ်ထားသည်။

ထိုင်းနိုင်ငံတောင်ပိုင်း ကော့တောင်ကျွန်း (လိပ်ကျွန်း)၂၀၁၄ ခုနှစ် စက်တင်ဘာလက ဗြိတိန် ခရီးသွားစုံတွဲ အသတ်ခံခဲ့ရပြီး ယင်းလူသတ်မှုကို မြန်မာ အလုပ်သမားနှစ်ဦးက ကျူးလွန်ကြောင်း စွပ်စွဲကာ ထိုင်းရဲတပ်ဖွဲ့က တရားစွဲဆိုထားသည်။

၎င်းတို့ မကျူးလွန်ကြောင်း သံသယရှိသဖြင့် အဆင့်အဆင့်ကန့်ကွက်နေသည့် အကြားမှ ထိုအလုပ်သမားနှစ်ဦးကို လူသတ်မှု၊ မုဒိန်းမှုတို့ အပါအ၀င် အမှုပေါင်းများစွာဖြင့် ဒီဇင်လာလ ၄ ရက်နေ့က တရားစွဲလိုက်ခြင်းဖြစ်သည်။