ထားဝယ်စီမံကိန်း ထောက်ခံ ဆန္ဒပြမည်

0
949

ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်း အမြန်ဆုံး အကောင်အထည်ဖော်ရေးအတွက် နဘုလယ်ဒေသခံ အင်အား ၂၀၀၀ဦးဖြင့် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ထောက်ခံ ဆန္ဒပြမည်ဖြစ်ကြောင်း ယင်းဆန္ဒပြပွဲကို ဦးဆောင်မည့် ဦးရွှေဋ္ဌေးက ပြောကြားသည်။

A. T  (73)
ထားဝယ်စီမံကိန်း တစ်နေရာ။ ဓာတ်ပုံ – အောင်သူ

 

ယင်းစီမံကိန်း အမြန်ဆုံးအကောင်အထည်ဖော်ရေးအတွက် ဖေဖော်ဝါရီလ ၁ ရက်နေ့၌ ဆန္ဒပြရန် ဇန်န၀ါရီလ ၂၇ ရက်နေ့တွင် ရေဖြူမြို့နယ်ရဲတပ်ဖွဲ့သို့ စာတင်ခဲ့သော်လည်း ရက်ရွှေ့ပေးရန် ပြောဆိုလာ၍ ဖေဖော်ဝါရီလ ၃ ရက်နေ့ကို ပြောင်းပြီး စီစဉ်ခြင်းဖြစ်ကြောင်း ၄င်းက ပြောဆိုသည်။

“ရက်ရွှေ့တာနဲ့ ပတ်သက်ပြီး အကြောင်းပြချက် ခိုင်ခိုင်လုံလုံ သူတို့ မပြောဘူး”ဟု ဦးရွှေဋ္ဌေးက ဆို သည်။

ဇန်န၀ါရီလ ၃၁ ရက်နေ့ မနက်ပိုင်းအထိ သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ ခွင့်ပြုချက် မပေးသေးသော်လည်း ဆန္ဒပြရန် အားလုံး စီစဉ်ပြီးဖြစ်သည့်အတွက် ဖေဖော်ဝါရီ ၃ ရက်နေ့တွင် ဆန္ဒပြမည်ဟု ခွင့်ပြုချက်ရမရ ဆန္ဒပြဖြစ် မပြဖြစ်နှင့် ပတ်သက်ပြီး တနင်္သာရီအပတ်စဉ်က မေးမြန်းသည်ကို ဦရွှေဋ္ဌေးက ပြန်လည်ဖြေကြားသည်။

အဆိုပါ စီမံကိန်းအတွက် အသုံးပြုရန် မြေတိုင်းတာခံထားရသူများက လျော်ကြေးလိုချင်နေကြပြီး အလုပ်အကိုင်ရရှိရန်အတွက် မျှော်နေသူများလည်းရှိသကဲ့သို့ ရေနက်ဆိပ်ကမ်းအကောင်အထည်ဖော်လျှင် လျှပ်စစ်မီးရရှိမည်ဟု မျှော်လင့်ထားသူများ လည်းရှိကြောင်း ဦးရွှေဌေးက ပြောသည်။

ထားဝယ် ရေနက်ဆိပ်ကမ်းကို အမြန်ဆုံးအကောင်အထည်ဖော်စေချင်ပြီး ရေနက်ဆိပ်ကမ်းဖြစ်လာလျှင် မိမိတို့ ဒေသတစ်ခုလုံးနှင့် တနင်္သာရီတိုင်းပါ ဖွံ့ဖြိုးတိုးတက်လာမည်ဟု ဦးရွှေဋ္ဌေးက ပြောဆိုသည်။

“ရေနက်ဆိပ်ကမ်း စီမံကိန်းလုပ်လို့ ရွာပြောင်းပေးရမယ်ဆိုရင်တော့ မလိုချင်ဘူး”ဟု ထိန်ကြီးကျေးရွာသားတစ်ဦးက ဆိုသည်။

ထောက်ခံ ဆန္ဒပြမည့်သူများသည် ထားဝယ်ရေနက်ဆိပ်ကမ်း ဧရိယာ အနီးဝန်းကျင်မှ ဒေသခံ အနည်းငယ်သာ ပါဝင်မည်ဖြစ်ပြီး အခြား ပတ်ဝန်းကျင်ကျေးရွာများမှ ပိုများလိမ့်မည်ဟု ခန့်မှန်းကြောင်း နဘုလယ်ဒေသခံ လူငယ်တချို့က ပြောသည်။

“ဆန္ဒထုတ်ဖော်တာကို ဆန့်ကျင်တာတော့ မလုပ်ဘူး၊ သူတို့ လိုချင်တာတစ်ခုတည်း ဆန္ဒထုတ်ဖော်ပြီး လျော်ကြေးရလိုမှု တစ်ခုတည်းကြည့်ပြီး ပြတယ်လို့ ထင်တယ်၊ ပြန်လည်နေရာချထားရေးအတွက်၊ အနာဂတ်မှာ လူတွေအတွက် စိုးရိမ်မှု ၊ ပူပန်မှု တွေ မဖြစ်ရအောင် သူတို့မှာ တိုက်တွန်းတာတွေ မရှိဘူး”ဟု နဘုလယ်ဒေသခံ၊ ထိန်ကြီးကျေးရွာမှ ဦးမင်းမင်းနိုင်က ဆိုသည်။

ဆန္ဒပြမည့်သူများက ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်းအမြန်ဆုံး အကောင်အထည်ဖော်နိုင်ရေး-ဒိုအရေး၊ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်အား ဖျက်ဆီးသူ တို့ရန်သူ၊ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်း-အောင်ရမည်ဟု ကြွေးကြော်ကာ ထားဝယ် -ကန်ချနပူရီလမ်းအူကြောင်းအပေါ်ရှိ ၄ ကီလို မီတာမှ ( ၀ )  ကီလိုမီတာအထိ စစ်ကြောင်း ၄ကြောင်းဖြင့် ချီတက်ကာ ဆန္ဒထုတ်ဖော်မည်ဟု စီစဉ်သူများထံမှ သိရသည်။

“မည်သူမဆို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရှိတဲ့အတွက် ဆန္ဒထုတ်ဖော်မှုအပေါ် DDA (ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့) အနေနဲ့ မှတ်ချက် ပေးစရာ မရှိပါဘူး။ ဒါပေမယ့် မေးစရာမေးခွန်းတွေတော့ ရှိတယ်”ဟု ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့ ရန်ကုန် ညှိနှိုင်းရေးမှူး ဦးဘိုဘိုအောင်က ယင်းအဖွဲ့၏ သဘောထားကို ပြောသည်။

စီမံကိန်းထောက်ခံ ဆန္ဒပြသူများအနေဖြင့် အထူးစီးပွားရေးဇုန်နှင့် ပတ်သက်ပြီး ရှင်းလင်းစွာ သိနားလည်ခြင်း ရှိမရှိ မေးခွန်းထုတ်လိုပြီး အမှန်တကယ် ရှင်းလင်းစွာသိလျက် ထောက်ခံသည်ဆိုပါက ယင်းအဖွဲ့အနေဖြင့် မှတ်ချက်ပေစရာ မရှိကြောင်းနှင့် ဆန္ဒပြသူများ အနေဖြင့် ထားဝယ်စီမံကိန်းနှင့် ဆက်စပ်ပြီး ရှင်းလင်းရန် ကျန်နေသည့် ပြဿနာများ ကိစ္စ မည်သို့ ဆောင်ရွက်ပေးပါဟု တောင်းဆိုရန် တိကျသည့် အစီအစဉ်ရှိမရှိ သိလိုပြီး ယင်းသို့ မရှိဘဲ စီမံကိန်းကိုသာ ဆက်လုပ်ရန် တောင်းဆိုပါက ပြဿနာများကိုသာ ထပ်ဖြစ်လာစေမည်ဟု မြင်ကြောင်း ယင်းအဖွဲ့က ပြောသည်။

“ထားဝယ်စီမံကိန်းကနေ ဘာအကျိုးကျေးဇူးတွေ မျှော်လင့်ထားသလဲလို့လည်း မေးချင်တယ်”ဟု ဦးဘိုဘိုအောင်က ဆိုသည်။

DDA သည် ထားဝယ်စီမံကိန်းနှင့် ပတ်သက်ပြီး အစဉ်တစိုက် ထောက်ပြဝေဖန်လာသည့် ထားဝယ်အခြေစိုက်အဖွဲ့ဖြစ်ပြီး လက်ရှိ ရပ်နားထားသည့် ထားဝယ်စီမံကိန်းကို ပြန်မစမီ ယခင်ပြဿနာများကို အပြီးသတ်ရှင်းရန် တောင်းဆိုထားသည်။

ယင်းဆန္ဒထုတ်ဖော်မည့်သူများက ( ၀ ) ကီလိုမီတာ၌ စုဝေးပြီး အဆိုတင်သွင်းခြင်း၊ ထောက်ခံခြင်းကို လုပ်မည်ဟု ယင်းဆန္ဒပြပွဲ စီစဉ်သူများက ပြောသည်။

စစ်ကြောင်းကြီး ၄ ကြောင်းဖြစ်သော ဦးဘဆွေစစ်ကြောင်းတွင် ထိန်ကြီး၊ မယင်းကြီး၊ ငပိတက်ကျေးရွာသူများက ချီတက်ကာ ဆန္ဒပြမည်ဖြစ်ပြီး၊ ဦးစိန်ဝင်းစစ်ကြောင်းတွင် ပရဒတ်၊ ဘ၀ါ၊ ဘ၀ါပင်လယ်ကမ်းခြေနှင့် ထွက်ဝကျေးရွာမှသူများ၊ သူရမ ချစ်ပိုစစ်ကြောင်းတွင် မူးဒူး၊ရလိုင်၊ ပုဂေါဇွန်း၊ မောင်းချောင်းနှင့် ၀က်ချောင်းကျေးရွာမှဒေသခံများ၊ ဗထူးစစ်ကြောင်းတွင် လဲ ရှောင်နှင့် ဧကနိကျေးရွာမှဒေသခံများ ချီတက်ကာ ဆန္ဒထုတ်ဖော်မည်ဟု သိရသည်။