ထိုင်းရေသန့်လုပ်ငန်းမှ မြန်မာ အလုပ်သမား ၂၀ ကျော် နစ်နာချက်အမှုဖွင့်

0
857

အလုပ်သမားတို့၏ အထောက်အထား သိမ်းဆည်းထားခြင်း၊ နားရက်မရှိခြင်း စသည့် နစ်နာချက်များကြောင့် ထိုင်းနိုင်ငံ နခွန်နယွတ် ပြည်နယ် ဘန်းနမြို့နယ်ရှိ ရေခဲနှင့်ရေသန့် ထုတ်လုပ်သောအလုပ်ရုံမှ အလုပ်သမား ၂၀ ဦးက နခွန်နယွတ် အလုပ်သမား အငြင်းပွားမှုရုံးတွင် အမှုဖွင့်ထားကြောင်း ထိုင်းနိုင်ငံ အခြေစိုက် ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက် (MWRN) က သတင်းထုတ်ပြန်သည်။

10253885_772778856147751_8991078747397671260_n
Photo – MWRN

ယင်းအလုပ်သမားများသည် နံနက် ၅ နာရီမှ ညနေ ၅ နာရီ အထိ နားရက်မရှိ အလုပ်လုပ်နေရသော်လည်း နေ့စားခအဖြစ် အမျိုးသား တစ်ဦးလျှင် ၃၀၀ ဘတ်၊ အမျိုးသမီးတစ်ဦးလျှင် ၂၅၀ ဘတ်သာ ရရှိပြီး အစိုးရ ရုံးပိတ်ရက်များအတွက် လုပ်အားခ မရရှိခြင်း၊ နားရက်များတွင် အလုပ်ဆင်းရသော်လည်း ဥပဒေအတိုင်း ခံစားခွင့်နှစ်ဆ မရရှိခြင်း၊ အလုပ်သမားတို့၏ နိုင်ငံကူးလက်မှတ်တို့ အပါအ၀င် အလုပ်လုပ်ခွင့်လက်မှတ်များကို လည်းသိမ်းဆည်းထားခြင်း၊ လုပ်အားခရှင်းရက် ပုံမှန် မရှိဘဲ သုံးလေးလ တွင်မှ တစ်ကြိမ် အလျင်းသင့်သလို ရှင်းပေးခြင်း တို့ကြောင့် ထိုသို့ တိုင်ကြားခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ယင်းအပြင် အလုပ်သမားများထံမှလည်း တစ်ဦးလျှင် ဘတ် တစ်သောင်းစီ ကြိုတင် ဖြတ်တောက်ထားသေးသဖြင့် မကျေနပ်သော ကြောင့် MWRN မှ တစ်ဆင့် ဇန်န၀ါရီလ ၂၇ ရက်နေ့တွင် အလုပ်သမားကိုယ်စားလှယ်များနှင့် အတူသွားရောက်ကာ အမှုဖွင့်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ယခုရက်ပိုင်းအတွင်း မြန်မာ ဒုတိယ သမ္မတ ဦးဥာဏ်ထွန်း ထိုင်းနိုင်ငံသို့သွားရောက်ခဲ့ပြီး မြန်မာ ရွေ့ပြောင်း အလုပ်သမားများ၏ အခြေအနေ တိုးတက်မှုကြောင်း အားရကြောင်း ပြောဆိုခဲ့သည်ဟု ထိုင်းအစိုးရ သတင်းဌာနက ဆိုထားသည်။