ဆိုင်ကယ် လုယက်မှုများကြောင့် ကော့သောင်း မြို့ပြင်တွင် စစ်ဆေးရေးဂိတ်တစ်ခု ထားမည်

0
873

လုယက်လူသတ်မှု များလာသဖြင့် ကော့သောင်းမြို့ပြင်ကျေးရွာများသို့ ခရီးသည်ပို့မည့် ဆိုင်ကယ် တက္ကစီများ လုံခြုံရေးအရ သတင်းပို့နိုင်ရန် စစ်ဆေးရေးဂိတ်တစ်ခုကို ရွှေပြည်စိုးကျေးရွာ ပွိုင့်လမ်းဆုံတွင် ထားရှိရန်စီစဉ်ထားကြောင်း ကော့သောင်းမြို့နယ် ရဲတပ်ဖွဲ့မှူး (ယာယီ) က ပြောကြားသည်။

64411554
ကော့သောင်းမြို့ပြင် တစ်နေရာ။ Photo -panoramio.com

 

မြို့ပြင် ကျေးရွာများသို့ မျက်နှာစိမ်းခရီးသည်များ ပို့သည့် ဆိုင်ကယ် တက္ကစီများ မကြာခဏ လူသတ် လုယက်ခံရသဖြင့် ယင်းဖြစ်စဉ်ကို လျော့ချနိုင်ရန် ဆိုင်ကယ် တက္ကစီမောင်းသူများ အသက်အန္တရာယ်လုံခြုံမှုရှိစေရန် ရည်ရွယ်၍ ရဲစစ်ဆေးရေးဂိတ်တစ်ခုကို ယခုလအကုန်ခန့်တွင် အကောင်အထည်ဖော်သွားရန် စီစဉ်ထားကြောင်း ၎င်းကဆိုသည်။

မြို့နှင့် ၇ မိုင်အကွာသို့ပို့မည့် ဆိုင်ကယ်တက္ကစီများအနေဖြင့် ခရီးသည်နှင့် ပို့ဆောင်မည့် နေရာအား ၀င်ရောက် သတင်းပို့ခြင်းဖြင့် ပြစ်မှုကျူးလွန်ရန်ကြံစည်နေသူများ မကြံစည်ရဲသည့် အနေအထားများဖြစ်လာမည်ဖြစ်ပြီး မှုခင်း တဖြည်းဖြည်း လျော့နည်းလာမည်ဟု ယုံကြည်ကြောင်း ကော့သောင်းမြို့မစခန်းမှူးကဆိုသည်။

ယင်းစစ်ဆေးရေးဂိတ်သို့ ၀င်ရောက်သတင်းပို့ခြင်းဖြင့် အခကြေးငွေတစ်စုံတစ်ရာ ပေးစရာမလိုဘဲ မည်သည့် ခရီးသည်ကိုမဆို ၀င်ရောက်သတင်းပို့ပြီး သွားရန်အတွက်သာ ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း  မြို့မရဲစခန်း စခန်းမှူး(ယာယီ) ဦးအေးကြိုင်က ဆိုသည်။

ပြီးခဲ့သည့် ၇ နှစ်အတွင်း ကော့သောင်းတွင် ဆိုင်ကယ်လုယက်လူသတ်မှု နှစ်စဉ်ဖြစ်ပွားလာခဲ့သည်။

၂၀၁၅ ခုနှစ် ဇန်န၀ါရီလ ၂၀ ရက်နေ့တွင်ဖြစ်ပွားခဲ့သည့် ဘုတ်ပြင်းမြို့သို့ ခရီးသည်ပို့သည့် ဆိုင်ကယ်တက္ကစီယာဉ်မောင်းကို ဓါးဖြင့်ထိုးကာ ဆိုင်ကယ် ရိုက်လုခဲ့သည့် ဖြစ်ရပ်နောက်ပိုင်း ဆိုင်ကယ်မောင်းသူများအား အသိပညာပေးခြင်းနှင့် စစ်ဆေးရေးဂိတ်ထားရှိရန် စီစဉ်ခြင်းများ ပြုလုပ်ရခြင်းဖြစ်ကြောင်းသိရသည်။