လွတ်လပ်ခွင့်မရှိသော နိုင်ငံအဖြစ် ထိုင်းဖော်ပြခံရ

0
908

အမေရိကန်အခြေစိုက် Freedom House အဖွဲ့၏ နှစ်ပတ်လည်အစီရင်ခံစာတွင် ထိုင်းကို လွတ်လပ်ခွင့် မရှိသော (Not Free) နိုင်ငံအဖြစ် ဖော်ပြလိုက်သည်။

freedom-world-2015

အရှေ့တောင်အာရှ အတွင်းရှိ မြန်မာ၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့နှင့် အတူ ယင်းအဆင့်တွင် သတ်မှတ်ခြင်းခံလိုက်ရခြင်းဖြစ်သည်။

ထိုင်းသည် ၁၉၉၉ မှ ၂၀၀၅ အထိ လွတ်လပ်သည့် အဆင့်ရှိသော (Free) နိုင်ငံ၊ ယင်းနောက် ယမန်နှစ်အထိ အတိုင်းအတာ တစ်ရပ် အထိလွတ်လပ်သည့် နိုင်ငံ (Partially Free) အဖြစ် သတ်မှတ်ခံခဲ့ရပြီးနောက် ၂၀၁၅ ခုနှစ်တွင် Not Free အဆင့် ၀င်သွားခြင်းဖြစ်သည်။

ထိုင်းအာဏာသိမ်း အစိုးရသည် အရေးပေါ်ဥပဒေ ပြဌာန်းထားခြင်း၊ လူထုလှုပ်ရှားမှုများကို ပိတ်ပင်ခြင်း၊ မီဒီယာလွတ်လပ်ခွင့်နှင့် ပညာရပ်ဆိုင်ရာ လွတ်လပ်ခွင့်တို့ အပေါ် ကန့်သတ်ချုပ်ချယ်ခြင်း တို့ကြောင့် ထိုသို့သော အဆင့်သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း Freedom House ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယင်းအပြင် တက်ကြွလှုပ်ရှားသူများ၊ ပညာရှင်များ၊ ကျောင်းသားများ၊ သတင်းစာဆရာများ၊ နိုင်ငံခြား စာရေးဆရာများ၊ နိုင်ငံရေးသမားများ အပေါ် ပစ်မှတ်ထား ပြစ်ဒဏ်ချခဲ့ကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

သို့သော် ယင်းသို့ Not Free အဆင့်ဖြင့် ဖော်ပြခြင်းကို ထိုင်း စစ်တပ်လွှမ်းမိုးသော လွှတ်တော်၏ နိုင်ငံခြားရေးရာ ကော်မတီက ပယ်ချလိုက်ပြီး ထိုင်းပြည်သူများမှာ ပျော်ရွင်နေပြီး ဘ၀ကို ပုံမှန် အတိုင်း ဖြစ်သန်းနေထိုင် နေသဖြင့် ထိုင်းကို ထိုသို့ ဒီမိုကရေစီ မကျသော နိုင်ငံ၊ မလွတ်လပ်သော နိုင်ငံအဖြစ် မသတ်မှတ်နိုင်ကြောင်း ကော်မတီ ဥက္ကဋ္ဌက ပြောဆိုခဲ့သည်။

“ဒါက ထိုင်းပြည်သူတွေ ဘယ်လိုတွေးထင်နေလဲ ဆိုတအပေါ်မှာပဲ မူတည်ပါတယ်။ ပြင်ပကမ္ဘာက အတွေးအခေါ်တွေ အရမ်းလွှမ်းတာကို လက်မခံပါနဲ့”ဟု ယင်းကော်မတီ ဥက္ကဋ္ဌ ပီလိုင်ပန် ဆွန်ဘက်ဆီရီက ဆိုသည်။

အစီရင်ခံစာထုတ်ပြန်ချိန်နှင့် မရှေးမနှောင်းတွင် ဂျာမနီ အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ရပ်က ကျင်းပမည့် မီဒီယာလွတ်လပ်ခွင့်ဆိုင်ရာ ပွဲတစ်ခုကို အထိအရှ မခံသော ကိစ္စဟုဆိုကာ ပိတ်ပင်ခဲ့သည်။

အစောပိုင်းကရက်များကလည်း အရေးပေါ် ဥပဒေကို နှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ကန့်သတ်ထားခြင်းကို ရုပ်သိမ်းရန် အမေရိကန်အစိုးရက ထိုင်းအစိုးရကို ဖိအားထပ်ပေးခဲ့သည်။

ယင်းသို့ဖိအားပေးမှုကို အမေရိကန်အစိုးရအနေနှင့် ကိုယ့်အလုပ်ကိုယ်လုပ်ရန် ထိုင်းအစိုးရက တုန့်ပြန်ပြောဆိုခဲ့သည်။

ယင်းနောက် ထိုင်းနှင့် အမေရိကန်တို့ နှစ်စဉ်ပြုလုပ်နေကြ ကော်ဘရာဂိုးစစ်ဆင်ရေးကို သဘောမျှသာ ကျင်းပတော့မည်ဖြစ်ကြောင်း အမေရိကန်က ထုတ်ပြန်ခဲ့သည်။