ထိုင်းတွင် သေနတ်ပစ်သတ်ခံရသော မြန်မာ သုံးဦးကိစ္စ စတင်အမှုဖွင့်

0
964
Dawei Watch, Dawei News, Dawei News Media

ထိုင်းနိုင်ငံတောင်ပိုင်း ရော်ဘာခြံတစ်ခုအတွင်း သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသော မြန်မာအလုပ်သမား သုံးဦး၏ အမှုကိစ္စကို ဇန်နဝါရီလ ၂၈ ရက်နေ့က စူရတ်ဌာနီခရိုင် ချိုင်ပူရီမြို့နယ် ရဲတပ်ဖွဲ့စခန်းတွင် စတင်အမှုဖွင့်လိုက်ပြီ ဖြစ်ကြောင်း မြန်မာသံရုံ အထူးအဖွဲ့ ရှေ့နေ ဦးအောင်မျိုးသန့် က ပြောကြားသည်။

ရော်ဘာခြံအလုပ်လုပ်နေသော မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်မှ အသက် ၁၄၊ ၂၂ နှင့် ၂၉ နှစ် အရွယ် အသီးသီးရှိသော ၎င်းတို့သုံးဦးမှာ ဇန်နဝါရီလ ၂၃ ရက်နေ့ညပိုင်းက အသတ်ခံလိုက်ရပြီးနောက် ၅ ရက်အကြာတွင် စတင်အမှုဖွင့်လိုက်ခြင်းဖြစ်သည်။

“သံအမတ်ကြီးကလည်း အမှုမှန်ဖော်ထုတ်ပေးဖို့အတွက် ထိုင်းအစိုးရကို ပြောကြားထားပါတယ်။ ကျွန်တော်တို့ဘက်ကလည်း ထိုင်းအစိုးရနဲ့ လက်တွဲဆောင်ရွက် သွားမှာပါ”ဟု ရှေ့နေ ဦးအောင်မျိုးသန့်  ကဆိုသည်။

လူသတ်တရားခံမှာ ထိုင်းလူမျိုးများ ဖြစ်နိုင်ကြောင်း ထိုင်းနိုင်ငံ အထူးရဲတပ်ဖွဲ့ ဒုဗိုလ်မှူးကြီးက ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ပြုလုပ်သည့် သေဆုံးသူ ၃ ဦး၏ နာရေးအခမ်းအနားသို့ လာရောက်စဉ်ပြောကြားခဲ့သည်ဟု ထိုင်းနိုင်ငံ အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ ဦးထူးချစ်က ဆိုသည်။

ယင်းလူသတ်မှုနှင့် အလားတူကိစ္စရပ်များ၊ ထိုင်းနိုင်ငံအတွင်း  အလုပ်သမားများ အခြေအနေနှင့် အလုပ်သမား (လူ့အခွင့်အရေး) ချိုးဖောက်မှုများ တွေ့ရှိပါက ထိုင်းရဲတပ်ဖွဲ့ထံ အကြောင်းကြားကာ ကူညီပေးရန် ထိုင်းအထူးရဲတပ်ဖွဲ့ ဒုဗိုလ်မှူးကြီးက ပြောကြားခဲ့သည်ဟု ယင်းကထပ်လောင်း ပြောကြားသည်။

မြန်မာ သုံးဦးအား သေနတ်ဖြင့် ပစ်သတ်ခဲ့သူများကို ဖမ်းဆီးရမိခြင်းမရှိသေးဘဲ အသတ်ခံရသူများ၏ အလောင်းကို ဇန်နဝါရီလ ၂၈ ရက်နေ့က စူရတ်ဌာနီခရိုင် တချမ်းမြို့နယ် ၊ စဝတ်ကျေးရွာ၊ ဝထဘုန်းကြီးကျောင်းတွင် သင်္ဂြုလ်ခဲ့သည်။