လေးပွင့်ဆိုင် ဆွေးနွေးမှု မပြေလည်ပါက သပိတ်တိုက်ပွဲ အရှိန်မြှင့်မည်ဟု ထားဝယ် သပိတ်မှောက် ကျောင်းသားများ ထုတ်ပြန်

0
1024

အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရန် အစိုးရ၊ လွှတ်တော်၊ ကျောင်းသားနှင့် NNER ကိုယ်စားလှယ်များ ပါဝင်သော ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပြုလုပ်မည့် လေးပွင့်ဆိုင် အစည်းအဝေးတွင် ညှိနှိုင်းမှုမပြေလည်ပါက သပိတ်တိုက်ပွဲကို အရှိန်အဟုန်မြှင့် ဆင်နွဲသွားမည်ဖြစ်ကြောင်း ထားဝယ်ခရိုင် သပိတ်မှောက် တက္ကသိုလ် ကျောင်းသား ကျောင်းသူများက သဘောထားကြေညာချက် ထုတ်ပြန်ခဲ့သည်။

2) Photo By Aung  Thu  (2)
ဓာတ်ပုံ – အောင်သူ

ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် ပြုလုပ်မည့် လေးပွင့်ဆိုင်ဆွေးနွေးပွဲကို ဖျက်သိမ်းလျှင်သော်လည်းကောင်း၊ ဆွေးနွေးပွဲတွင် ကျောင်းသားများ၏ တောင်းဆိုချက်များကို လျစ်လျူရှုလျှင်သော်လည်းကောင်း အကြောင်းတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက သပိတ်တိုက်ပွဲကို ရဟန်းရှင်လူကျောင်းသားပြည်သူတစ်ရပ်လုံးဖြင့် ပိုမိုကြီးမားပြင်းထန်သည့် အရှိန်ဟုန်မြှင့်သပိတ်တိုက်ပွဲကို ဆင့်နွှဲမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

“အခုလေးပွင့်ဆိုင်ဆွေးနွေးပွဲရလဒ်ကိုစောင့်ကြည့်မယ်။ သပိတ်တိုက်ပွဲကို ခေတ္တရပ်နားထားမယ်” ဟု ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကိုမင်းလွင်ဦးက ပြောသည်။

ဇန်န၀ါရီလ ၂၀ ရက်နေ့မှ စတင်ဖွင့်ထားခဲ့သည့် သပိတ်စခန်းကိုလည်း ယနေ့ ဇန်န၀ါရီလ ၂၉ ရက်နေ့တွင် လူစုခွဲမည်ဖြစ်ပြီး သပိတ်ခေတ္တရပ်နားထားသည့်ကာလအတွင်း ကျောင်းသား၊ ပြည်သူများကို အမျိုးသားပညာရေးဥပဒေနှင့်ပက်သက်၍ စည်းရုံးလှုံ့ဆော်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ထားဝယ်ခရိုင်သပိတ်မှောက်ကျောင်းသားကျောင်းသူများက ပြောသည်။

တစ်ဖက်က လေးပွင့်ဆိုင်အစည်းအဝေး ပြုလုပ်နေချိန်တွင် တစ်ဖက်က စည်းရုံးရေးလုပ်ငန်းများကို လုပ်ဆောင်မည်ဖြစ်ပြီး အကြောင်းတစ်စုံတစ်ရာပေါ်ပေါက်လာပါက အရှိန်အဟုန်မြှင့်သပိတ်တိုက်ပွဲကို ပြန်ဆင်နွှဲမည်ဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

“သပိတ်လှန်ဖို့ အစီအစဉ်မရှိသေးဘူး။ ဒီမိုကရေစီစံနှုန်းနဲ့ညီတဲ့၊ ကျောင်းသားတွေအတွက် အာမခံချက်ရှိတဲ့ ပညာရေးဥပဒေကို အတည်ပြုပြီးမှပဲ သပိတ်လှန်နိုင်မယ်” ကိုမင်းလွင်ဦးက ပြောသည်။

ရက် ၆၀ အလွန် သပိတ်တိုက်ပွဲနှင့်ပတ်သက်၍ ထားဝယ်ခရိုင် သပိတ်မှောက်ကျောင်းသားကျောင်းသူများ၏ ထုတ်ပြန်ချက်ကို ဇန်န၀ါရီလ ၂၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး ၂၉ ရက်နေ့ နံနက်တွင် မီဒီယာများနှင့်တွေ့ဆုံကာ ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ထားဝယ်တွင် ဇန်န၀ါရီလ ၂၀ ရက်နေ့မှစတင်၍ သပိတ်စခန်းဖွင့်လှစ်ကာ ထားဝယ်ခရိုင်အတွင်းရှိ တက္ကသိုလ်များသို့သွားရောက်ပြီး အမျိုးသားပညာရေးဥပဒေအား သပိတ်မှောက် ဆန္ဒပြခဲ့ကြသည်။

သပိတ်မှောက်ကျောင်းသားများအနေဖြင့် အမျိုးသားပညာရေးစနစ်တစ်ခုလုံး ကောင်းမွန်လာစေရန်ရည်ရွယ်၍ တိုက်ပွဲဝင်နေခြင်းဖြစ်သည့်အတွက် တက္ကသိုလ်ကျောင်းများသို့သွားရောက် သပိတ်မှောက် ဆန္ဒထုတ်ဖော်ခဲ့သည့်အချိန်များတွင် ကျောင်းသားကျောင်းသူများ၏ စာသင်ကြားနေမှုများ အနှောင့်အယှက်ရှိခဲ့သည်ဆိုပါက နားလည်ပေးစေလိုသည်ဟု ကိုမင်းလွင်ဦးက ပြောသည်။

တက္ကသိုလ်ကျောင်းသားများ၏ ရက်ပေါင်း ၆၀ ရာဇသံ ကျော်လွန်ပြီးနောက် မည်သည့် တုံ့ပြန်ချက်မှ မရသဖြင့် စတင်သပိတ်မှောက်ခဲ့သော ဒေသများအနက် ထားဝယ်ခရိုင်များ ကျောင်းသားများလည်း ပါဝင်ခဲ့သည်။

မန္တလေးမြို့မှ ချီတက်လာသော သပိတ်မှောက် ကျောင်းသားများသည် မြင်းခြံမှ တဆင့် တောင်သာမြို့သို့ ၀င်ရောက်လာစဉ် လုံခြုံရေးအဖွဲ့ဝင်များနှင့် ထိပ်တိုက်တွေ့ချိန် အကြိုးဆွေးနွေးရန် ကမ်းလှမ်းပြီးနောက် လေးပွင့်ဆိုင်ဆွေးနွေးရန် အစိုးရက လက်ခံလိုက်ခြင်းဖြစ်သည်။

အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီမှ ကိုယ်စားလှယ်ကျောင်းသားများသည် ဇန်န၀ါရီလ ၂၈ ရက်နေ့က နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ဆွေးနွေးခဲ့ကြပြီးနောက် လေးပွင့်ဆိုင်ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၁ ရက်နေ့တွင်ပြုလုပ်ရန်၊ ကျောင်းသားကိုယ်စားလှယ်များတင်ပြသည့် အချက် ၁၁ ချက်ကို ညှိနှိုင်းဆွေးနွေးအဖြေရှာရန်၊ သဘောတူညီမှုများ ညှိနှိုင်းရယူရန်နှင့် ကျန်ရှိသည်များကို ဆက်လက်ဆွေးနွေးရန်နှင့် ညှိနှိုင်းဆွေးနွေးမှုများစတင်သည့်နေ့တွင် သပိတ်ရပ်နားရန် စသည့် အချက်လေးချက်ကို သဘောတူခဲ့ကြသည်။