မော်လမြိုင်တွင် လိုအပ်ချက်၏ သုံးပုံတစ်ပုံကျော်သာ ရေ ပေးဝေနိုင်

0
816

မွန်ပြည်နယ် မော်လမြိုင်မြို့၏ တစ်နေ့ ရေလိုအပ်ချက် ဂါလံပေါင်း သိန်း ၄၀ ရှိသော်လည်း မြို့နေလူထု၏ ရေလိုအပ်ချက်၏ သုံးပုံတစ်ပုံကျော်သာ ပေးဝေနိုင် ကြောင်း မော်လမြိုင်မြို့နယ်  စည်ပင်သာယာရေး အဖွဲ့ထံမှ သိရသည်။

7018644-street-of-Mawlamyine-0
photos – travelblog.org

 

လူဦးရေ နှစ်သိန်းခန့်ရှိသည့် မော်လမြိုင်မြို့၏ ရေလိုအပ်ချက် နေ့စဉ် ဂါလံပေါင်း သိန်း ၄၀ ရှိပြီး စည်ပင်သာယာရေးအဖွဲ့က နေ့စဉ် ဂါလံပေါင်း သိန်း ၃၀ ခန့် ပေးဝေသော်လည်း မြို့နေလူထု အမှန်တကယ် အသုံးပြုခွင့်ရသည့် ပမာဏမှာ ဂါလံပေါင်း ၁၂ ဒသမ ၅ သိန်းသာ ရှိကြောင်း မြို့ရေပေးဝေရေး အင်ဂျင်နီယာ ဦးခင်မောင်ဝေက ပြောသည်။

“ကျန်တာတွေကတော့ ရေလေလွင့်ဆုံးရှုံးမှုတွေ အခမဲ့ပေးဝေမှုတွေကြောင့် ရေခွန်အနေနဲ့ စည်းကြပ်ကောက်ခံမှုမရဘဲ ရေပေးနေရတာ ဖြစ်တယ်” ဟု ၄င်းက ပြောသည်။

ရေပေးဝေရေးဆောင်ရွက်ရာတွင် နှစ်ပေါင်းရာကျော်သုံးစွဲထားသည့် ပိုက်လိုင်းတို့ကြောင့် ရေပေါက်ထွက်မှု၊ ရေပိုက်လိုင်း ပိတ်ဆို့မှု၊ မဖြစ်မနေပေးဝေနေရသည့် ဝန်းထမ်းအိမ်ရာများ အစိုးရဝန်ထမ်းအိမ်ရာများနှင့် မြို့စိမ်းလန်းစိုပြေရေး၊ ဈေးနှင့် ရပ်ကွက်အချို့ရှိ အများသုံးရေကန်တို့တွင် အခွန်အခ စည်းကြပ်ကောက်ခံမှုမရှိဘဲ နေ့စဉ် ရေပေးဝေနေရခြင်းတို့ကြောင့် ရေထုတ်လုပ်မှုပမာဏအတိုင်း ဖြန့်ဖြူးပေးနိုင်ခြင်းမရှိဟု ဦးခင်မောင်ဝေက ရှင်းပြသည်။

ထိုကြောင့် မော်လမြိုင်မြို့အတွက် ရေလိုအပ်ချက်ကို ရေထုတ်လုပ်မာဏအတိုင်း ဖြန့်ဖြူးပေးနိုင်ရန် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အတွက် ရေလေလွင့်ဆုံးရှုံးမှုများ မရှိအောင် ပြုပြင်ဆောင်ရွက်သွားမည်ဟုလည်း စည်ပင်က ပြောသည်။

မော်လမြိုင်မြို့တွင် ရပ်ကွက်ပေါင်း ၂၈ ရပ်ကွက်ရှိသည့်အနက် မြို့ရေပေးဝေနိုင်သည့် ရပ်ကွက်မှာ ၂၂ ရပ်ကွက်ရှိသည်ဟု မြို့ရေပေးဝေရေးအင်ဂျင်နီယာက ပြောသည်။