မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၇ ဦး အဖမ်းခံရ

0
1410
Dawei Watch, Dawei News, Dawei News Media

တရားဝင်အထောက်အထားမရှိဘဲ ခိုးဝင်ခဲ့သည်ဟုဆိုကာ ရွှေ့ပြောင်းမြန်မာအလုပ်သမား ၁၇ ဦးကို ဇန်နဝါရီလ ၂၁ ရက်နေ့ နေ့လယ် တစ်နာရီအချိန်တွင် ထိုင်းနိုင်ငံ ရနောင်းခရိုင်ရဲတပ်ဖွဲ့နှင့် စစ်တပ်မှ ပူးပေါင်းဖမ်းဆီးလိုက်ကြောင်း ရနောင်းခရိုင်အခြေစိုက် ရဲတပ်ဖွဲ့ထံမှ သိရသည်။

ကလေးငယ်တစ်ဦးအပါအဝင် ရွှေ့ပြောင်းမြန်မာ အလုပ်သမား ၁၇ ဦးသည် ရနောင်းခရိုင်၊ လအွန်မြို့နယ်၊ ကီလို ၃၀ ကျေးရွာအနီးတွင် ဖမ်းမိခဲ့ခြင်းဖြစ်ပြီး ၎င်းတို့သည် ကော့သောင်းမြို့နယ်၊ ရှမ်းကိုးရွာအုပ်စု  ဖော့သုတ်ကျေးရွာ မှတစ်ဆင့် ထိုင်းနိုင်ငံသို့ အလုပ်လုပ်ကိုင်ရန် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း ရနောင်းအခြေစိုက်တပ်ရင်း (၂၅) သတင်းတပ်ဖွဲ့အရာခံဗိုလ် ဖီးရပ်(စ်) ကဆိုသည်။

ဖမ်းဆီးရမိသူများတွင် ရင်ခွင်ပိုက်ကလေးငယ်တစ်ဦးအပါအဝင် အမျိုးသမီး ၃ ဦး ၊ အမျိုးသား ၁၃ ဦး ပါဝင်ကြောင်း သိရသည်။

ဖမ်းဆီးခံထားရသူများကို လအွန်ရဲစခန်းအချုပ်တွင် ယာယီထိန်းသိမ်းထားခဲ့ပြီး ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ထိုင်းနိုင်ငံ ရနောင်းခရိုင် လဝက ကိုလွဲပြောင်းလိုက်ကြောင်း ယင်းတပ်ဖွဲ့ထံမှသိရသည်။