ပြည်နယ်ဝန်ကြီးချုပ် ညွှန်ကြားချက် ဌာနဆိုင်ရာ မလိုက်နာဟုဆို

0
848

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် စက်စဲကျေးရွာတွင် အလုပ်သမားညွှန်ကြားရေးမှူးဦးစီးဌာနမှ သိမ်းဆည်းထားသည့် မြေများအနက် ၁၅ ဒသမ ၂၇ ဧကကို မူလပိုင်ရှင်ထံ ပြန်ပေးရန် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်က ညွှန်ကြားထား သော်လည်း သက်ဆိုင်ရာဌာနက လိုက်နာမှု မရှိကြောင်း လယ်သမားများထံမှ သိရသည်။

DSC08418
ဓာတ်ပုံ – ယဉ်စနိုင်း

အထက်ပါ ဦးစီးဌာနနှင့် လယ်သမားတို့ကြား အငြင်းပွားနေသည့်မြေပြဿနာနှင့် ပတ်သက်ပြီး ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့၌ မွန်ပြည်နယ်ဝန်ကြီးချုပ် သွားရောက်ပြီး အလုပ်သမားဌာန၊ အုပ်ချုပ်ရေးမှူး၊ ကော်မတီ ၃ ရပ်၊ လယ်ပိုင်ရှင် ၆ ဦးတို့နှင့် တွေ့ဆုံခဲ့ကာ မြေများအနက် အလုပ်သမားဦးစီးဌာနမှ ၁၀ ဧကယူပြီး ကျန် ၁၅ ဒသမ ၂၇ ဧကကို လယ်ပိုင်ရှင်တို့ထံ ပြန်လည် ပေးအပ်ရန် ညွှန်ကြားထားခဲ့သည်။

သို့သော် ယင်းနေ့ ညနေတွင်ပင် အလုပ်သမားဌာနနှင့် သက်ဆိုင်ရာ တာဝန်ရှိသူတို့က ဝန်ကြီးချုပ် ညွှန်ကြားထားသည့် မြေပမာဏအတိုင်း တိုင်းတာပေးခြင်း မရှိဘဲ မြေ ၁၁ ဒသမ ၂၇ ဧကခန့်ကိုသာ တိုင်းတာပေးခဲ့သည်ဟု ဇန်နဝါရီလ ၂၆ ရက်နေ့က မြန်မာပြည်တောင်ပိုင်းဂျာနယ်လစ် ကွန်ရက်ရုံးခန်းတွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ လယ်ပိုင်ရှင်တို့က ပြောသည်။

“ဖြစ်နေတဲ့ မြေပြဿနာကို ဝန်ကြီးချုပ်ကိုယ်တိုင်ဆင်းလာပြီးတော့ လယ်သမားတွေနဲ့ တွေ့ပြီး ဖြေရှင်းပေးတယ်၊ မျှမျှတတနဲ့ ဖြေရှင်းပေးပါတယ်၊ ကျွန်တော်တို့လဲ ကျေကျေနပ်နပ်နဲ့ လက်ခံတယ်၊ ဒါပေမယ့် ဝန်ကြီးချုပ်ပြန်သွားပြီး ၄ နာရီလောက်ပဲ ကြာတယ်၊ မြေ ၄ ဧကလောက် ပျောက်သွားတာ၊ ဝန်ကြီးချုပ် ပြောစကားက အောက်ခြေကလူတွေ ဘယ်လောက်လိုက်နာလဲဆိုတာ အင်မတန်စိတ်မကောင်းစရာဖြစ်တယ်” ဟု လယ်ပိုင်ရှင် ဦးလွင်မြင့်က ပြောသည်။

အလုပ်သမားညွှန်ကြားရေးမှူးဦးစီးဌာနမှ စံပြလုပ်သားနားနေစခန်းစီမံကိန်းအတွက်ဟုဆိုကာ ၁၉၈၁ ခုနှစ်က လယ်သမား ၈ ဦးပိုင် မြေ ၂၅ ဒသမ ၂၇ ဧကကို သိမ်းဆည်းထားခဲ့ပြီး ၂၀၁၂ ခုနှစ်ထိ လယ်သမားတို့ကို သီးစား ပြန်လည်ငှားစားလာခဲ့သည်ဟု လယ်သမားတို့က ပြောသည်။

လယ်သမားများအနေဖြင့် ဝန်ကြီးချုပ် ညွှန်ကြားထားသည့် မြေပမာဏအတိုင်း ရရှိအောင် ဝန်ကြီးချုပ်ထံ ဆက်လက် တင်ပြသွားမည်ဟု ပြောသည်။

“ဝန်ကြီးချုပ်လာတဲ့နေ့ညနေမှာ မြေတွေ တိုင်းတယ်၊ ပြီးတော့ ကျွန်တော်တို့ကို လက်မှတ်ထိုးခိုင်းတယ်၊ မထိုးဘူး ဝန်ကြီးချုပ်ပြောတဲ့ ပမာဏအတိုင်းဘဲ ယူမယ်၊ ဒီကိစ္စကို ဝန်ကြီးချုပ်ထံ ဆက်တင်ပြမယ်” ဟု လယ်ပိုင်ရှင် ဦးအောင်မြင့်က ပြောသည်။

အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ယင်းမြေကို သိမ်းဆည်းခဲ့စဉ်က နစ်နာကြေးပေးခြင်း၊ မြေအစားထိုးပေးခြင်းနှင့် လက်မှတ်ထိုး ပေးထားခြင်း မရှိကြောင်းလည်း လယ်သမားတို့က ပြောသည်။

၎င်းလယ်ယာမြေများသည် ၁၉၉၀ ခုနှစ်ဝန်းကျင်းခန့်က လ/န (၃၉) (လယ်ယာမြေကို အခြားနည်းဖြင့် အစားထိုးသုံးစွဲခွင့်) ကျပြီးသားမြေဖြစ်သော်လည်း မြေဂရန်မထုတ်ရသေးကြောင်း မွန်ပြည်နယ် မွေးမြူရေးနှင့် စိုက်ပျိုးရေးဝန်ကြီး ဦးမျိုးညွန့်က ပြောသည်။

မွန်ပြည်နယ်တွင် တပ်မတော်အစိုးရလက်ထက်က အကြောင်းအမျိုးမျိုးပြပြီး သိမ်းဆည်းထားခဲ့သည့်  သောင်းနှင့်ချီ လယ်ယာခြံမြေများအနက် စိုက်ပျိုးအသုံးပြုခြင်းမရှိသည့် လယ်ယာမြေများကို မူလပိုင်ရှင်ထံ ပြန်လည် စွန့်လွှတ်ပေးအပ် မှုရှိသော်လည်း ဌာနဆိုင်ရာတို့မှ သိမ်းဆည်းထားသည့် မြေများနှင့် ပတ်သက်ပြီး ပြဿနာများ ဖြစ်ပွားနေဆဲဖြစ်သည်။