ကြိုရေး ပုံတူပန်းချီ

0
1088

ပြီးခဲ့တဲ့ တစ်ပတ်လောက်က ကျွန် တော့်အစ်ကို ထားဝယ်ကနေ ရန်ကုန်ကို ပြန်ရောက်လာတော့ သူရိုက်ယူခဲ့တဲ့ ပန်းချီကား ဓာတ်ပုံတစ်ပုံ ထုတ်ပြပါတယ်။သူပြတဲ့ပုံကို ယူကြည့်လိုက်တော့ အသက် ၈၀ ဝန်းကျင် အဖွားအို တစ်ယောက်ရဲ့ပုံကို ဆွဲထားတဲ့ ပန်းချီပုံ ကို မြင်ရပြီး ဓာတ်ပုံ အောက်နား ဘယ်ဘက်ဒေါက်စွန်းလေးမှာလည်း နိုင်ငံကျော် ပန်းချီဆရာကြီး ဦးငွေကိုင်ရဲ့ မြန်မာလို ရေးထိုးထားတဲ့ လက်မှတ် ကိုပါ တွေ့လိုက်ရပါတယ်။

7)  ----

အဲဒီအခါမှာ ကျွန်တော်က အဖွားအိုတစ်ယာက်ရဲ့ ပုံကိုဆွဲထားတဲ့ ပန်းချီကားဟာ ဆရာ ကြီးဦးငွေကိုင်ရဲ့ လက်ရာမှန်း သိလိုက်ရ တော့ အထူးအလေးထားပြီး သေသေ ချာချာကို ကြည့်နေမိနေတော့တာပါ။ ပန်းချီကားဓာတ်ပုံကို သေသေချာချာ ကြည့်နေစဉ်မှပဲ အစ်ကိုက သူရိုက်ယူခဲ့ တဲ့ အဲဒီပန်းချီကား ဓာတ်ပုံအကြောင်း ပြောပြပါတယ်။

ဒီပန်းချီကားပုံက ဆရာကြီးဦး ငွေကိုင် ရေးဆွဲထားတဲ့ ရှားပါးလက်ရာ တစ်ခုအဖြစ် တန်ဖိုးထားမိသလို တခြား ထူးခြားမှု တစ်ခုလည်း ရှိသေးတာမို့ ပန်းချီကားပိုင်ရှင် သူ့သူငယ်ချင်း ကို ကျော်ရှိန် ဆီကနေ အခွင့်တောင်းပြီး ဓာတ်ပုံ ရိုက်ယူခဲ့တာ ဖြစ်တယ်တဲ့။ တကယ်တော့ သူရော ကျွန်တော်ပါ ပန်းချီပုံတစ်ပုံကိုကြည့်ပြီး ထူးခြားတယ်၊ မထူးခြားဘူး ဆိုတာကို ဝေဖန်ရ လောက်အောင် အဲဒီပညာရပ်တွေနဲ့ ပက်သက်လို့ နက်နက်ရှိုင်းရှိုင်း ဘာမှ နားလည်ကြတာ မဟုတ်ပါဘူး။ ဒါကြောင့်မို့ သူပြောတဲ့ တခြားထူးခြား မှုဆိုတာကို ကျွန်တော်က အထူးပဲ စိတ်ဝင်စားသွားမိပါတယ်။ ပန်းချီပညာနဲ့ ပက်သက်တဲ့ ထူးခြားမှုမျိုးကို ပြောမှာ မဟုတ်ဘူးဆိုတာကိုလည်း သိထားတော့ ဆရာကြီး ဦးငွေကိုင်ရဲ့ အဲဒီပန်းချီကားဟာ ဘယ်လို ထူးခြားမှုမျိုးတွေ ရှိနေ သေးသလဲ မသိဘူး ဆိုပြီးတော့ပါ။

အဲဒီပန်းချီကားနဲ့ ပက်သက်တဲ့ ထူးခြားမှုကို ကြားရတော့ တော်တော် လေးကို အံဩသွားမိပါတယ်။ နောက်ပြီး ဆရာကြီး ဦးငွေကိုင်ရဲ့ ပန်းချီ ပညာအပေါ် ထပ်ဆင့် ချီးကျူး လေး စားမိပြီး သူ့ရဲ့အနုပညာကိုလည်း တန်ဖိုးမထားဘဲကို မနေနိုင်တော့ ပါ ဘူး။

ပန်းချီကားထဲက အဖွားနာမည်က ဒေါ်နီလို့ ခေါ်ပါတယ်။ ဒီပန်းချီကားကို မြင်ရတဲ့သူတွေက ဆရာကြီး ဦးငွေကိုင် ဟာ အသက်၈၀ ဝန်းကျင်လာက်အရွယ် ရှိနေတဲ့ ဒေါ်နီကို ကြည့်ပြီး အနုပညာမြောက်စွာ ရေးဆွဲထားခဲ့တဲ့ ပန်းချီပုံတူ ဆိုပြီးတော့ပဲ ထင်ကြမှာပါ။ တကယ် တော့ အဲဒီလို လုံးဝ မဟုတ်ပါဘူး။ ကျွန်တော်တို့ ထင်ခဲ့မိတာ တော်တော်ကို လွဲပါတယ်။

ဇာတ်ရည်လည်အောင် ပြောရရင် ဆရာကြီးဦးငွေကိုင်ဟာ ပန်းချီကားထဲက ဒေါ်နီတို့နဲ့ ထားဝယ်မြို့ သင်္ဘောဆိပ်ရပ် ကွက်မှာ နေထိုင်ခဲ့ကြတဲ့ မိတ်ဆွေများ ဖြစ်ကြပါတယ်။ နောက်ပြီး သူတို့ရဲ့ အိမ်တွေကလည်း ကျောချင်းကပ်လျက်ရှိ တယ်ဆိုတော့ တော်တ်ာကို ရင်နှီးကြ မှာပါ။ အဲဒီအချိန်က ဦးငွေကိုင်ရော ဒေါ်နီပါ အသက်နှစ်ဆယ် ဝန်းကျင် အရွယ်တွေဖြစ်ကြပြီး အိမ်နီးနားချင်း လည်း ဖြစ်ပြန်တယ်ဆိုတော့ တစ် ယောက်နဲ့ တစ်ယောက် တော်တော်လေး ကို ရင်းနှီးခင်မင်ကြတယ်လို့ ဆိုပါ တယ်။

ဒေါ်နီရဲ့မြေး ကိုကျော်ရှိန် ပြောပြ ချက်အရ ဆရာကြီး ဦးငွေကိုင်က အိမ်နီးနားချင်း အခင်မင်ဆုံးဖြစ်တဲ့ သူငယ်ချင်း မနီ (ဒေါ်နီ) ကို “မင်း အိုလာတဲ့ တစ်နေ့ကျရင် (အသက် ၈၀ လောက်ဖြစ်ရင်) ဒီလိုပုံဖြစ်နေ လိမ့်မယ်” ဆိုပြီး မနီရဲ့ နောင်လာမယ့် အသက် ၈၀ အရွယ်ပုံကို မှန်းဆပြီး ရေးဆွဲပေးထားခဲ့တာတဲ့။ အဲဒီ ကြိုတင် မှန်းဆပြီး ရေးဆွဲခဲ့တဲ့ပုံက ဒေါ်နီအသက် ၈၀ အရွယ်ရောက်လာတဲ့အချိန် အပြင် ကပုံနဲ့ တကယ်လည်း တူနေတယ်လို့ ဆိုပါတယ်။ တော်တော်ကို အံ့ဩစရာ ကောင်းတာပါ။ အဲဒီလို အကြောင်းအ ရာတွေကို ကြားသိလိုက်ရတဲ့ ကျွန်တော် တို့ကတော့ ဆရာကြီးရဲ့ ပန်းချီပညာကို အံ့ဩလေးစား တန်ဖိုးထားမိတာအပြင် ပုံဆွဲပေးသူနဲ့ ပုံဆွဲခံသူ နှစ်ယောက် အကြား သံယောဇဉ် ဆက်နွယ်မှုကိုလည်း ကိုယ့်သဘောနဲ့ကိုယ် ဖြည့်စွက် တွေးတောပြီး ပီတိတွေ ဖြစ်နေတော့တာပါပဲ။ ဒါကလည်း ဆရာကြီးနဲ့ ပန်းချီပုံထဲက ဒေါ်နီကို လေးစားကြည်ညိုတဲ့ စိတ်နဲ့ ချစ်စနိုး တွေးမိတဲ့ အတွေးသာ ဖြစ်ပါ တယ်။

ဒေါ်နီရဲ့ ပုံတူပန်းချီကားနဲ့ ပတ် သက်လို့ အထက်မှာပြောခဲ့သလို သူ့ မြေးဖြစ်သူ ကိုကျော်ရှိန်ကလည်း သူတို့ မိသားစုမှာ အစဉ်အဆက် ပြောဆိုချက် များကို မှတ်သားပြီး ပြန်ပြောပြတာ ဖြစ်ပါတယ်။ တကယ်တော့ ဆရာကြီးရဲ့ ဘ၀တစ်လျှောက် ထားဝယ်မြို့ မှာနေ သွားတဲ့ အချိန်တွေနဲ့ ပန်းချီကားရဲ့ လက်ရာကို ကျွမ်းကျင်သူများအနေနဲ့ ချိန်ထိုး နှိုင်းယှဉ်ကြည့်မယ် ဆိုရင်တော့ ကောက်ချက်ချမှုအသစ်တစ်ခု ချနိုင်အုံးမယ် ထင်ပါတယ်။

အဓိကအားဖြင့် ပန်းချီကားကို ဆွဲခဲ့တဲ့ အချိန်ကိုပါ။ ဆရာကြီး ဦး ငွေကိုင် ငယ်စဉ်ဘ၀မှာ သူ့ဇာတိမြေက နေ ထားဝယ်မြို့ကို ပြောင်းရွှေ့ နေထိုင် ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ အချိန်တုန်း က ဆရာကြီးဟာ အသက် ၂၀ ဝန်း ကျင်လောက် ရှိနေပြီး အိမ်နီးချင်းဖြစ်တဲ့ ဒေါ်နီနဲ့လည်း အသက်ရွယ်တူ အရွယ် တူလောက်ရှိပါတယ်တဲ့။ ဒီတော့ ဆရာကြီးက သူခင်မင်ရင်းနှီးတဲ့ သူငယ် ချင်း မနီ (ဒေါ်နီ) ကို အဲဒီ အချိန်မှာ ဒီပုံတူ ပန်းချီကားကို ရေးဆွဲပေးခဲ့တယ်လို့ မှတ်သားရကြောင်း ဒေါ်နီရဲ့ မြေးဖြစ်သူ ကိုကျော်ရှိန်က ပြောပြပါတယ်။ ဒါဆို ရင် လက်ရှိ ကျွန်တော်တို့ မြင်တွေ့ နေရတဲ့ ဒေါ်နီရဲ့ ပုံတူ ဆီဆေးပန်းချီ လက်ရာဟာ ဆရာကြီး ငယ်ရွယ်နုပျိုစဉ် အသက်နှစ်ဆယ်ကျော်ဝန်းကျင် အရွယ်လောက်က ရေးဆွဲထားတဲ့ လက်ရာ ဟုတ်ပါရဲ့လားလို့ လေ့လာကြည့်သင့်ပါ တယ်။

ဒါကြောင့်မို့ ဒီပန်းချီကားနဲ့ ရင်း နှီးဖူးတဲ့ ထားဝယ်သား ပန်းချီပညာရှင် ဆရာမြင့်မောင်ကို ဆက်သွယ်ပြီး မေး မြန်း ဖြစ်ခဲ့ပါတယ်။ ဆရာမြင့်မောင်က ဆရာကြီးရဲ့ ပန်းချီလက်ရာနဲ့ ပန်းချီ ကား အောက်ခြေထောင့်စွန်းမှာ မြန်မာ လို ရေးထိုးထားခဲ့တဲ့ ဆရာကြီးရဲ့ ထိုးမြဲလက်မှတ်ကိုကြည့်ပြီး ဒေါ်နီပုံတူ ပန်းချီကားဟာ ဆရာကြီးလူလတ်ပိုင်း အရွယ်လောက်မှာ ရေးဆွဲခဲ့တာ ဖြစ်နိုင် ကြောင်း ခန့်မှန်းပေးပါတယ်။ ဒါဆို ဒီပန်းချီလက်ရာဟာ ဆရာကြီးရဲ့ပန်းချီ ပညာနုစဉ်အခါက ရေးဆွဲခဲ့တာ မဟုတ် သလို ပညာရင့်ကျက်ဆုံးအချိန်တွေမှာ ရေးဆွဲခဲ့တဲ့ ပုံလည်း မဖြစ်နိုင်ဘူးလို့ ကောက်ချက်ချရမှာပါ။ ဒီပန်းချီပုံရေး ဆွဲတဲ့ အချိန်က ဆရာကြီး ဦးငွေကိုင်ရော ဒေါ်နီပါ သက် ၄၀ ဝန်းကျင်တွေ ရှိ နေလောက်ပါတယ်။ သေချာတာကတော့ ဆရာကြီးဟာ ဒေါ်နီ အသက် ၈၀ အရွယ်ရောက်မှ လူပုံကိုကြည့်ပြီး တိုက် ရိုက် ပုံတူဆွဲခဲ့တာ မဟုတ်ဘူးဆို တာပါပဲ။

ဒါကြောင့်မို့ ဆရာကြီး ဦးငွေကိုင် ရေးဆွဲခဲ့တဲ့ ဒေါ်နီရဲ့ ပုံတူပန်းချီကားမှာ ဆရာကြီးရဲ့ ပြောင်မြောက်တဲ့ ပန်းချီ လက်ရာတွေနဲ့ အတူ တခြားထူးခြားမှု တစ်ခုလည်း ပါနေတယ်လို့ ဆိုချင်တာ ပါ။ လူတစ်ယောက်ရဲ့ပုံကို ဆယ်စုနှစ် လေးခုလောက်ကျော်ပြီး ကြိုတင်ခန့်မှန်း ရေးဆွဲထားတဲ့ပုံလည်း ဖြစ်တယ်။ နောက်ပြီး အဲဒီလို ခန့်မှန်းပြီး ရေးဆွဲ ထားတဲ့ ပန်းချီပုံကလည်း ကာယကံရှင် အသက် ၈၀ လောက်ရောက်တဲ့ အချိန် မှာ တကယ်လည်းတူနေတယ် ဆိုတဲ့ အချက်တွေဟာ ဒီပန်းချီကားရဲ့ ထူးခြား မှုလို့ ပြောရမှာ ဖြစ်သလို ရေးဆွဲသူ ဆရာကြီး ဦးငွေကိုင်ရဲ့ ထူးခြားတဲ့ အနုပညာစွမ်းပကားတစ်ခုလို့လည်း သတ်မှတ်ရမှာပါ။

နောက်ပြီး အဲဒီ ပန်းချီကားဟာ ဆရာကြီး ဦးငွေကိုင်ရဲ့ဘ၀ တစ်စိတ် တစ်ဒေသ အကြောင်းကို ပြောနေလိမ့် မယ်လို့လည်း ထင်ပါတယ်။