သွတ်သွင်းခြင်းနှင့် ပညာပေးခြင်း

0
865

ပြီးခဲ့သည့်အပတ်က အစည်းအဝေးတစ်ခုတွင် Brain Wash လုပ်ခြင်းနှင့် Educate (အသိပညာပေးခြင်း) လုပ်ခြင်း ပတ်သက်ပြီး ငြင်းခုန်ဖြစ်သည်။

တချို့က Brain Wash လုပ်ခြင်းသည် Educate လုပ်နည်း တစ်မျိုးဟု ဆိုသည်။ သို့သော်တစ်ချို့ကလက်မခံ။

Brain Wash လုပ်ခြင်းသည်   မြင်းလှည်းမောင်းသည့်   မြင်းကဲ့သို့   ဘေးဘီမမြင်ရအောင်မျက်စိနှစ်ဘက်ကိုကာထားပြီး မြင်စေချင်သလောက်ကိုသာမြင်စေ သိစေချင်းဖြစ်သည်။

အသိပညာပေးခြင်းမှာ ယင်းသို့မဟုတ်။ မြင်စေချင်သလောက်ကိုသာ မြင်စေခြင်းမဟုတ်ဘဲ။ မြင်နိုင်သလောက်မြင်ခွင့်၊ လေ့လာခွင့်သင်ကြားခွင့် တွေးတောခွင့်ရစေရန် အထောက်အပံ့ပြုခြင်းဖြစ်သည်။

Brain Wash လုပ်ခြင်းကိုသွတ်သွင်းခြင်းဟု နားလည်သည်။ လူထုပညာပေးလုပ်ငန်းများကိုလုပ်ကိုင်သူများအနေဖြင့် အထူးသတိထားရမည့်အချက်ဖြစ်သည်။ အချို့ကိစ္စရပ်များတွင်မသိမသာဖြင့် သတိလက်လွတ်လုပ်မိတတ်ကြသည်။

ဘာမှမရှိသည့်ခွက်အတွင်း ရေလောင်းထည့်သည့်အခါရေခွက်ဖြစ်လာသည်။ လက်ဖက်ရည်ထည့်သည့်အခါလက်ဖက်ရည်ခွက်ဖြစ်လာသည်။ အချိုရည်ထည့်သည့်အခါအချိုရည်ခွက်ဖြစ်သည်။

ထို့ကြောင့်အသိပညာပေးမှုများသည်သွတ်သွင်းခြင်းသို့ ယိမ်းမသွားရန်လိုသည်။ မည်သည့်အဖွဲ့အစည်းမဆို ယင်းအချက်ကိုသတိထား ဆင်ခြင်ရမည်ဖြစ်သည်။ ပညာပေးခြင်းနှင့်သွတ်သွင်းခြင်းကိုမကွဲပြားပါက အသိပညာပေးသည်ဟု လွဲမှားစွာထင်ပြီး သွတ်သွင်းမိနေပြီး လူ့အဖွဲ့အစည်းအတွင်း အကွဲအပြဲများ ပဋိပက္ခများကိုဖန်တီးသူအဖြစ် သတ်မှတ်ခံရမည်ဖြစ်သည်။

ပညာပေးခြင်းသည် အမှားအမှန်ကိုကိုယ်တိုင်ဆုံးဖြတ်နိုင်ရန်အတွက်ဖြစ်သည်။ ပညာပေးသူကဆုံးဖြတ်ပေးခြင်းမဟုတ်ဟု ပြောလိုရင်းဖြစ်သည်။

အယ်ဒီတာ (ဇန်န၀ါရီ ၂၃၊  ၂၀၁၅)