ပြီးခဲ့တဲ့ အပတ်က အဖြေမထွက်ခဲ့တဲ့ ကယ်ပီတယ်ဝမ်း ဆီမီးဖိုင်နယ် ဒီညတော့ အဖြေထွက်ပါပြီ။ အိမ်ရှင် ချဲလ်ဆီးမှာတော့ ဘရက်ဖို့ကို ရှုံးခဲ့တဲ့ ပွဲတုန်းကအတိုင်း လူစုံပါလာဖို့ရှိနေပါတယ်။
လီဗာပူးလ်မှာလည်း စတားရစ်ပြန်လာဖို့ ရှိနေပါတယ်။ ဂျရတ်နဲ့ စကာတယ်လည်းပြန်ပါလာပါမယ်။
ဘရက်ဖို့ကို ရှုံးထားလို့ ဒေါသထွက်နေတဲ့ မော်ရင်ဟိုဟာ ဒီပွဲမှာ တုံးမြှင့်ပြီး အားပေးဖို့ သူ့ပရိသတ်တွေကို တောင်းဆိုထားပါတယ်။ အခုကတော့ အိမ်ကွင်းဖြစ်လို့ ပိုသာတာပေါ့တဲ့။ အဲဒီတုန်းက ပရိသတ် တစ်ထောင်ကနေ အခုညမှာ လေးသောင်း ဖြစ်လာမှာကိုး။
ပြီးခဲ့တဲ့ပွဲ အောက်တန်း အသင်းလေးကို အရှက်တကွဲ ရှုံးသွားလို့ တိတ်ဆိတ်ခြင်းနဲ့ သူ့အသင်းကို ဆုံးမခဲ့တဲ့ နည်းပြမော်ရင်ဟိုဟာ ဒီပွဲကို လူအပြောင်းအလဲ သိပ်လုပ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
“အပြောင်းအလဲ သိပ်လုပ်မှာ မဟုတ်ပါဘူး။ အသင်းကို ငြိမ်အောင် ကြိုးစားနေပါတယ်”လို့ သူက ဆိုပါတယ်။
လီဗာပူးလ်နည်းပြ ရော်ဂျာကလည်း သူ့အသင်းသားတွေ ချဲလ်ဆီးကို လျှော့မတွက်ဘဲ လန်ဒန်မှာ လာရင်ဆိုင်မှာလို့ ပြောပါတယ်။
ပြီးခဲ့တဲ့ပွဲတုန်းက ခံစစ်နိုင်နင်းခဲ့ပြီးတော့ တန်ပြန်တိုက်စစ်လည်း ကောင်းခဲ့ပါတယ်တဲ့။ ပထမအကျော့ လီဗာပူးလ်ကွင်းမှာ တစ်ဂိုးစီ သရေကျထားတဲ့ ပွဲကို ရည်ညွန်းတာပါ။
ဒီပွဲမှာ ရလာဒ်ကောင်းရပြီး ဗိုလ်လုပွဲတက်မယ်လို့ ယုံနေကြောင်း သူက ဆိုလိုက်ပါသေးတယ်။


ပွဲ အချက်အလက်
ချဲလ်ဆီးကွင်း နောက်ဆုံး ခြောက်ပွဲ စလုံးမှာ လီဗာပူးလ်က ဂိုးသွင်းထားနိုင်တယ်။
ဘရက်ဖို့ကို ၄ ဂိုး ၂ ဂိုးနဲ့ အရှုံးဟာ ချဲလ်ဆီးအတွက် နောက်ဆုံး ၁၇ ပွဲမှာ ပထမဆုံး အရှုံးဖြစ်တယ်။
ချဲလ်ဆီး နောက်ဆုံး အိမ်ကွင်း ၁၃ ပွဲစလုံး တစ်ပွဲကို အနည်းဆုံး ၂ ဂိုးသွင်းနေတယ်။
ချဲလ်ဆီးက အခုဖလားပွဲမှာ မော်ရင်ဟိုလက်ထက်တုန်းက ၂၀၀၅၊ ၂၀၀၇ အပါအ၀င် စုစုပေါင်း လေးကြိမ် ဖလားရထားတယ်။
ဒီဇင်ဘာမှာတုန်းက မန်ယူကို ရှုံးပြီးကတည်းက ကြိုးကြာနီတွေဟာ အဝေးကွင်း ငါးပွဲစလုံး အနိုင်ရထားတယ်။
ဒီဖလားပွဲမှာ လီဗာပူးလ်ဟာ အအောင်မြင်ဆုံးအသင်းဖြစ်ပြီးတော့ ဖလား ၈ ကြိမ်ရပြီး ၁၁ ကြိမ် ဗိုလ်လုပွဲရောက်ဖူးတယ်။
Goal.com ပရိသတ်တွေ ရွေးချယ်မှု အရဆိုရင် ချဲလ်ဆီး နိုင်ခြေ ၅၃ ရာခိုင်နှုန်းနဲ့ လီဗာပူးလ်နိုင်ခြေ ၃၅ ရာခိုင်နှုန်းတဲ့။
အဖြစ်နိုင်ဆုံး ရလာဒ်က ၂-၀၊ ၂-၁၊ ၁-၂ တဲ့။