သက်ဆင်၏ သားဖြစ်သူကို ထိုင်းစစ်တပ် သတိပေး

0
812
Dawei Watch, Dawei News, Dawei News Media

ပြဿနာဖြစ်နိုင်သော မှတ်ချက်များ လူမှုကွန်ရက်စာမျက်နှာတွင် မရေးသားရန် ထိုင်းစစ်တပ်ခေါင်းဆောင်က ပြန်ပြေး ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်၏ သားဖြစ်သူကို သတိပေးပြောဆိုလိုက်သည်။

oknation.net
သက်ဆင်တို့ သားအဖနှစ်ဦး။ ဓာတ်ပုံ – oknation.net

သက်ဆင်၏ နှမဖြစ်သူ ဝန်ကြီးချုပ်ဟောင်း ယင်းလပ်ရှင်နာဝပ် ထိုင်းနိုင်ငံရေးတွင် ငါးနှစ် ပါဝင်ခြင်းမပြုရန် တားမြစ်ကြောင်း ထိုင်းစစ်တပ်ကြီးစိုးသော ပါလီမန်က ဆုံးဖြတ်ချက်ချပြီးနောက် သောကြာနေ့က သက်ဆင်၏ သားဖြစ်သူက လူမှုကွန်ရက်စာမျက်နှာ Instagram ပေါ်တင်လိုက်သော မှတ်ချက်စကားအပေါ် သတိပေးပြောကြားလိုက်ခြင်းဖြစ်သည်။

post
လူမှုကွန်ရက်ပေါ်တင်လိုက်သော Post။

“အဆင်သင့်ပဲလား။ ထိုင်းလူထု အဆင်သင့်လား”ဟု သက်ဆင်၏ သားဖြစ်သူ ပန်သွန်တဲက ယင်းလူမှုကွန်ရက် စာမျက်နှာပေါ်တင်လိုက်ခြင်းဖြစ်သည်။ ယင်းစာသားနှင့်အတူ လက်သီးတင်းတင်းဆုပ်ထောင်ထားသော ပုံတစ်ပုံကိုလည်း တွဲတင်လိုက်ခြင်းဖြစ်သည်။

ဒုတိယ ကာကွယ်ရေး ဝန်ကြီးလည်းဖြစ်သော ထိုင်းစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး အူဒွန်ဒက်က လှုံ့ဆောင်မှုကို ဖြစ်စေသော မည်သည့် စာသားမျိုးမျှမတင်ရန် သက်ဆင်သားဖြစ်သူ အပြင် ထိုင်းရှပ်နီခေါင်းဆောင်များကိုလည်း သတိပေးခဲ့သည်။

ထိုင်းပါလီမန်၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ သင့်တော်သော မှတ်ချက်များသာပြုရန် ဗိုလ်ချုပ်ကြီးက ဆိုပြီး တိုင်းပြည်မှာ လမ်းပြမြေပုံအတိုင်း ငြိမ်းချမ်းရေးသို့ ဦးတည်နေကြောင်း ဆိုခဲ့သည်။

ယင်လပ်ရှင်နာဝပ်ကို နိုင်ငံရေးလုပ်ခွင့် ငါးနှစ်ပိတ်ပင်ထားသော်လည်း နိုင်ငံရပ်ခြားသို့ သွားခွင့် မပိတ်ပင်ထားကြောင်း ထိုင်းစစ်တပ်ကဆိုသည်။