အဓမ္မပြု သတ်ဖြတ် ခံရသည့် ကျောင်းဆရာမ နှစ်ဦး အတွက် မေတ္တာပို့ ၀တ်ပြု ဆုတောင်းပွဲ မော်လမြိုင်တွင် ကျင်းပ

0
793

အဓမ္မပြုကျင့် သတ်ဖြတ်ခံရသည့် စေတနာ့ဝန်ထမ်း ကျောင်းဆရာမနှစ်ဦးအား ရည်စူးသည့် မေတ္တာပို့ ၀တ်ပြုဆုတောင်းပွဲကို မွန်ပြည်နယ် မော်လမြိုင်မြို့ မရမ်းကုန်းရပ်ရှိ ကျိုက်သုတ်စေတီတော် ရင်ပြင်တွင် ဇန်န၀ါရီလ ၂၃ ရက်နေ့ ညနေ ၆ နာရီက ကျင်းပခဲ့သည်။

မွန်ပြည်နယ်လူငယ်ကွန်ရက်၊ မွန်အမျိုးသမီးကွန်ရက်၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် မွန်ပြည်နယ်ကျောင်းသားများသမဂ္ဂမှ လူငယ်တို့ ပါဝင်သည့် ယင်းဆုတောင်းပွဲကို ကျင်းပခဲ့ခြင်း ဖြစ်သည်။

“ဒီအဖြစ်အပျက်ကို ကြည့်ခြင်းအားဖြင့် ကျွန်မတို့ နိုင်ငံမှာ အမျိုးသမီးအတွက် လုံခြံမှုမရှိဘူးဆိုတာ တွေ့မြင်နေရပါတယ်”ဟု မွန်အမျိုးသမီးများကွန်ရက်၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအစီအစဉ် ပြောရေးဆိုခွင့်ရှိသူ ချယ်ရီစိုးက ပြောသည်။

၎င်းပြင် အဓမ္မပြုကျင့် အသတ်ခံရသည့် ကျောင်းဆရာမနှစ်ဦးအတွက် အမှုမှန်ပေါ်ပေါက်ရေးအတွက်လည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေကို တောင်းဆိုတောင်းဆိုလိုက်ကြောင်း ၄င်းက ပြောသည်။

အမျိုးသမီး အခွင့်အရေး တက်ကြွလှုပ်ရှားသူများနှင့် လူ့အခွင့်အရေး လှုပ်ရှားသူတို့ကလည်း စေတနာ့ဝန်ထမ်း ကျောင်းဆရာမ နှစ်ဦး အသတ်ခံရခြင်း ဝမ်းနည်းခြင်းအထိမ်းအမှတ်ဖြင့် ဇန်နဝါရီလ ၂၃ ရက်နေ့က ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံတွင် ပန်းခွေချခဲ့ကြသည်။

ထို့အပြင် ယင်းအမှုမှန်ပေါ်ပေါက်ရေး လူမှုကွန်ရက် အဖွဲ့အစည်းပေါင်း ၂၆ ဖွဲ့တို့ကလည်း ဇန်နဝါရီလ ၂၂ ရက်နေ့က သက်ဆိုင်ရာကို တောင်းဆိုထားသည်။

ကချင်နှစ်ခြင်း ခရစ်ယာန် အသင်းတော် (KBC) ၏ စီမံခွင့်ပြုချက်ဖြင့် အသက် ၂၀ အရွယ်ရှိ ခေါန်နန်စင်နှင့် လုရာ အမည်ရှိ ကျောင်းဆရာမ နှစ်ဦးသည် မူဆယ်ခရိုင် ပန်ဆိုင်း- ကြူကုတ်မြို့ ကောင်းခါကျေးရွာရှိ ချို့တဲ့သည့် ကလေးငယ်များကို အခမဲ့ ပညာသင်ကြားပေးနေသည့် စေတနာ့ဝန်ထမ်းများ ဖြစ်ကြောင်း သိရသည်။

ယင်းစေတနာ့ဝန်ထမ်းကျောင်းဆရာမ နှစ်ဦးသည် ကောင်းခါးကျေးရွာ ခရစ်ယာန်ဘုရားကျောင်းဝင်း အတွင်းရှိ ၎င်းတို့တည်းခိုရာ အိမ်ခန်းတွင် ဇန်န၀ါရီ ၁၉ ရက်က သေဆုံးနေသည်ကို ဒေသခံတို့က တွေ့ရှိခဲ့ကြောင်း သိရသည်။

အဓမ္မပြုကျင့် အသတ်ခံခဲ့ရသည့် စေတနာ့ဝန်ထမ်း ကျောင်းဆရာမ နှစ်ဦး၏ ရုပ်အလောင်းများကို ဇန်နဝါရီ ၂၃ ရက်နေ့ နေ့လယ်ပိုင်းခန့်က ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ကချင်နှစ်ခြင်း သင်္ချိုင်းတွင် မြှုပ်နှံ သင်္ဂြိုဟ်ခဲ့ကြကြောင်း သိရသည်။