ကော့တောင်ကျွန်းတွင် ဗြိတိန်အမျိုးသမီးတစ်ဦး ထပ်သေ

0
859
Dawei Watch, Dawei News, Dawei News Media

ဗြိတိန် ခရီးသွားနှစ်ဦးကို သတ်မှုဖြင့် လူသိများသော ထိုင်းနိုင်ငံ ကော့တောင်ကျွန်းတွင် တစ်ဦးတည်း အလည်အပတ်ရောက်ရှိနေသည့် အသက် ၂၃ နှစ်အရွယ် နိုင်ငံရေး တက်ကြွလှုပ်ရှားသူတစ်ဦး သေဆုံးလျှက်တွေ့ရှိရကြောင်း အင်ဒီပဲဒင့် နေ့စဉ်သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ခရစ်တီနာ အန်နက်လီသည် ဗြိတိန် လစ်ဘရယ် ပါတီ မဲဆွယ်စည်းရုံးရေးမှူးတစ်ဦးဖြစ်ပြီး ယော့ရှိုင်းယား လူငယ်ဌာနစိတ်၏ ဒုဥက္ကဋ္ဌ ဟောင်းလည်းဖြစ်သည်။

သူမအား ဘန်ဂလိုမှ အခန်းပြန်အပ်ရန် ဝန်ထမ်းက သွားကြည့်ရာမှ သေဆုံးနေကြောင်းတွေ့ရှိခဲ့ရခြင်းဖြစ်သည်။

နောက်ဆုံး မသေမီညက သူမ ချစ်သူအား ပင်နီစလင်အတွက် ယူရို ၆၀ ပေးခဲ့ရကြောင်း၊ သူမ ရင်ဘတ်တွင် ပိုးဝင်နေကြောင်း တွစ်တာ (လူမှုကွန်ရက် စာမျက်နှာ) ပို့ခဲ့သေးသည်။

သူမသည် ဇန်နဝါရီလ ၇ ရက်တွင် ဗြိတိန်မှ ထိုင်းနှင့် သြစတြေးလျတွင် လေးလကြာ ခရီးသွားလာရန် ထွက်ခွာခဲ့ခြင်းဖြစ်သည်။

သူမ၏ အဖေဖြစ်သူက “အရမ်း၊ အရမ်း ချစ်စရာကောင်းတဲ့ သမီးလေးပါ။ အရမ်း အမှီအခိုကင်းပြီး သူမကိုယ်ပိုင်အမြင်နဲ့ လိမ္မာပါးနပ်သူလေးပါ။ ဟာသညာဏ်လည်း ရွှင်တယ်” ဟုပြောကြားခဲ့သည်။

ယခုအချိန်အထိ ရာဇဝတ်မှု တစ်စုံတစ်ရာကြောင့် သေဆုံးကြောင်း သက်သေမတွေ့ရသေးဘဲ ရောဂါကြောင်း သေဆုံးခြင်းဖြစ်ကြောင်း မှတ်ချက်ချထားသည်။