မြိတ်မြို့နယ် ကျောက်ဖျာမြစ်သဲ စင်္ကာပူပို့ရန် ကုမ္ပဏီတစ်ခု စီစဉ်

0
848

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် ကျောက်ဖျာကျေးရွာ မြစ်အတွင်းရှိ သဲများကို စုပ်ယူပြီး စင်္ကာပူနိုင်ငံသို့ တင်ပို့နိုင်ရန် ဇန်နဝါရီ ဒုတိယအပတ်က  Starhigh Asia Pacific Pet Co.Ltd မှ တာဝန်ရှိသူများက ဒေသခံရွာသားများကို လာရောက် တွေ့ဆုံခဲ့သည်ဟု ယင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးနှင့် ဒေသခံတစ်ချို့ထံမှ သိရသည်။

သဲစုပ်ယူရန် သက်ဆိုင်ရာဌာနများမှ ခွင့်ပြုချက် မယူသေးဘဲ ဒေသခံရွာသားများ၏ သဘောထားကို လာရောက်  နားထောင်ခြင်း သာဖြစ်ပြီး ဆုံးဖြတ်ချက် တစ်စုံတစ်ရာ ချသွားခြင်း မရှိသေးဟု ယင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင့်ဇော်က ပြောသည်။

“သဲတွေကို စုပ်ပြီး သဲတင်သင်္ဘောတွေနဲ့ စင်ကာပူကို ပို့မယ်လို့ ပြောတယ်”ဟု ကုမ္ပဏီ တာဝန်ရှိသူတစ်ဦး၏ တွေ့ဆုံပွဲတွင် ပြောကြားချက်ကို ကိုးကားပြီး ကျောက်ဖျာကျေးရွာသား ဦးသန့်ဇင်က ပြောပြသည်။

မြစ်အတွင်းသဲများစုပ်ယူပါက ရေစီးကြောင်းများ ပြောင်းလဲလာပြီး ကမ်းပါးများ ပြိုကျလာမည်ဖြစ်ကာ မြစ်ကြောင်းအောက်ရှိ
ရေနေသတ္တဝါများကို ထိခိုက်မှုရှိလာမည်ဖြစ်သည့်အတွက် သဲစုပ်ယူမှုကို သဘောမတူဟု ဦးသန့်ဇင်က ပြောသည်။

အဆိုပါ သဲများစုပ်ယူမှုကို ရွာသားများမှ သဘောတူညီခြင်းမရှိကြသည့်အတွက် သောင်တူးလုပ်ငန်းများ လာရောက်လုပ်ကိုင်မည်ဆိုပါက ပြင်းထန်စွာ ကန့်ကွက်သွားမည်ဟု ကျောက်ဖျာရွာသားတစ်ချို့က ပြောသည်။

ဒေသခံများ၏ တွေ့ဆုံဆွေးနွေးပွဲရလဒ်များကို ကုမ္ပဏီမှ သက်ဆိုင်ရာဝန်ကြီးဌာနသို့ ပြန်လည်တင်ပြသွားမည်ဖြစ်ပြီး ရွာကို
နောက်တစ်ကြိမ်ပြန်လာမည်ဟု ကျောက်ဖျာအုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။