လစဉ် အရှုံးပေါ်၍ ကော့သောင်း ကိုယ်ထူကိုယ်ထ အမှိုက်သိမ်းလုပ်ငန်း အုပ်ချုပ်ရေး ပြန်လွဲ

0
854

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့ ရွှေဇင်ယော်ရပ်ကွက်တွင် လုပ်ကိုင်နေသည့် ကိုယ်ထူကိုယ်ထ အမှိုက်သိမ်းလုပ်ငန်း လစဉ် အရှုံးပေါ်သဖြင့် လာမည့် ဖေဖော်ဝါရီလတွင် ရပ်ကွက်အုပ်ချုပ်ရေး တာဝန်ရှိသူများထံ လွှဲပြောင်းပေးတော့မည်ဖြစ်ကြောင်း ယင်းရပ်ကွက် သန့်ရှင်းရေး ကော်မတီထံမှ သိရသည်။

ယင်းရပ်ကွက်က ရပ်ကွက်သန့်ရှင်းရေးကော်မတီဖွဲ့ကာ ကိုယ်ထူကိုယ်ထ အမှိုက်သိမ်းလုပ်ငန်းကို ဧပြီလတွင် လုပ်ဆောင်ခဲ့ပြီး လုပ်ငန်းစတင်လည်ပတ်ချိန်မှစ၍ ဒီဇင်ဘာလကုန်အထိ (၉) လတာအတွင်း အမှိုက်ပစ်သည့် နေအိမ်များက အခကြေးငွေပေးသူ နည်းသောကြောင့် အရှုံးပေါ်လာပြီး ဆက်လက် လုပ်ကိုင်ရန် အခက်အခဲနေသည်ဟု ရွှေဇင်ယော်ရပ်ကွက် သန့်ရှင်းရေး ကော်မတီက ပြောသည်။

အမှိုက်သိမ်းဆည်းချိန်တွင် အမှိုက်ပစ်သော်လည်း အမှိုက်သိမ်းဆည်းခ ကောက်ခံသည့်အခါ ကုန်းပေါ်နှင့် မြစ်ချောင်းအနီး နေထိုင်သူများက အမှိုက်မပစ်ဟုဆိုကာ ငြင်းဆန်ခြင်း၊ သွားရောက်ကောက်ခံသည့်အခါ နေအိမ်များတွင် လူမရှိခြင်းကြောင့် ပိုက်ဆံ အပြည့်မရဟု ယင်းကော်မတီ အတွင်းရေးမှူး ဦးသန်းကြွယ်က ရှင်းပြသည်။

“တစ်လကို ကုန်ကျစရိတ်က ၈ သိန်းကျော်နီးပါး ရှိတယ်။ ကောက်ခံရတာက တစ်လကို ၇သိန်းကျော်လောက်ပဲရှိတော့ လတိုင်း ၁သိန်းကျော်နီးနီးလောက်က အရှုံးပေါ်တယ် အိမ်တိုင်းထည့်မယ်ဆိုရင်တော့ ဒီလိုဖြစ်မှာ မဟုတ်ဘူး”ဟု ဦးသန်းကြွယ်က ဆိုသည်။

ယင်းသို့ လွဲပြောင်းပေးအပ်လာသော်လည်း လုပ်ငန်းလည်ပတ်မှုကို သန့်ရှင်းရေးကော်မတီအဖွဲ့နှင့် ပူးပေါင်းကာ ဆက်လက် လုပ်သွားမည်ဟု ရွှေဇင်ယော်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတိုးစိန်က ဆိုသည်။

ယင်းအမှိုက်သိမ်းလုပ်ငန်းမှ လစဉ် နေအိမ်တစ်အိမ်လျှင် ကျပ် ၁၀၀၀နှင့် စီးပွားရေးလုပ်ငန်းများအတွက်မှု လုပ်ငန်းအမျိုးအစား အပေါ် မူတည်ပြီး ကောက်ခံကြောင်း သိရသည်။

ယင်းရပ်ကွက်တွင် အိမ်ထောင်စု ၉၂၀ ကျော်ခန့်ရှိပြီး အမှိုက်သိမ်းခ မပေးသည့် အိမ် ၁၅၀ ကျော် ရှိသည်သည်ဟု သိရသည်။

ကော့သောင်းမြို့ပေါ်တွင် ကိုယ်ထူကိုယ်ထ အမှိုက်သိမ်းလုပ်ငန်းလုပ်ကိုင်သည့် ရပ်ကွက် (၅)ရပ်ကွက်အနက် ရွှေဇင်ယော်ရပ်ကွက် တစ်ခုသာ အရှုံးပေါ်ကြောင်း သိရသည်။

IMG_1810