ကော့သောင်းတွင် ဆိုင်ကယ်လု လူသတ်မှုနှစ်စဉ် ဖြစ်ပွား

0
827

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်အတွင်း ပြီးခဲ့သည့် ၇ နှစ်အတွင်း နှစ်စဉ် ဆိုင်ကယ်လု လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း ကော့သောင်းမြိုနယ် ရဲတပ်ဖွဲ့ စခန်းမှူး(ယာယီ) က ပြောကြားသည်။

၇ နှစ်အတွင်း ဆိုင်ကယ်လု လူသတ်မှု ၁၀ မှု ဖြစ်ပွားခဲ့ပြီး ၈ ဦးသေဆုံးခဲ့ကြောင်း မြို့နယ် ရဲတပ်ဖွဲ့နှင့် ကော့သောင်းမြို့နယ် ဆိုင်ကယ်အငှားယာဉ်မောင်းများ တွေ့ဆုံဆွေးနွေးပွဲတွင် အထက်ပါ စခန်းမှူးက ပြောသည်။

ယင်းဖြစ်စဉ်များသည် ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်မှ စပြီး တစ်နှစ်လျှင် တစ်မှုနှုန်း ဖြစ်ပွားခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ၄ မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဆိုင်ကယ်လု လူသတ်မှုများသည် မြို့နှင့် အလှမ်းဝေးသည့် လူသူအရောက်အပေါက်နည်းသည့် နေရာများတွင် အဖြစ်များကြောင်း ယင်းဆွေးနွေးပွဲမှ သိရသည်။

“ဆိုင်ကယ်သမားတွေက တစ်ယောက်နဲ့ တစ်ယောက် အချိတ်အဆက်မမီတော့ တရားခံ ဖော်ထုတ်ရတာ အချိန်ကြာပြီး ကွင်းဆက်မမိတာများတယ်”ဟု အထက်ပါ စခန်းမှူး(ယာယီ)က ဆိုသည်။

ပြစ်မှုကျူးလွန်သူများသည် မှုးယစ်ဆေးဝါးသုံးစွဲသည့် လူငယ်/လူလတ်ပိုင်းများနှင့် အလုပ်လက်မဲ့ ရွေးပြောင်းနေထိုင်သူ ၊ ပြေး(၄)ပြေး တရားခံ အများစုဖြစ်ကြောင်း ယင်းဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

ယင်းကဲ့သို့သော ဖြစ်စဉ်များ လျော့ကျစေရန် ဆိုင်ကယ်အငှားယာဉ်မောင်းများအား ရပ်ကွက်အလိုက် အသိပညာပေး ဆွေးနွေးညှိနှိုင်း အကြုံပြု လုပ်ငန်းများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။