လျင်မြန်စွာ ကုစားခြင်း

0
817

လူတို့နေထိုင်မကောင်းဖြစ်သည့်အခါ မည်မျှအထိ လျင်လျင်မြန်မြန် ကုစားသည်ဟူသည့်အပေါ် မူတည်ပြီး ဝေဒနာခံစားရမှုနှင့် ကုန်ကျစရိတ်သက်သာသည်။

အချို့သူများသည် လဲမကျသေးမီအထိ ပေတေနေတတ်ကြပြီး အခါနှောင်းမှ ဆေးရုံဆေးခန်း သွားသည်မျိုး လုပ်တတ်ကြသည်။

ထို့အတူပင်သူငယ်ချင်းအချင်းချင်းကြား၊ မိသားစုအကြားနှင့်အဖွဲ့အစည်းအတွင်း အနာအဆာများရှိသည့်အခါတွင်လည်း လျင်မြန်စွာကုစားရန်လိုပေသည်။

အထူးသဖြင့်သူငယ်ချင်းမဟုတ်၊ မိသားစုမဟုတ်သည့်သူများနှင့် ဖွဲ့စည်းထားပြီး လုပ်ငန်းစည်းဘောင်၊ ငွေကြေး စသည်တို့ပါဝင်ပတ်သက်နေသည့် အဖွဲ့အစည်းအတွင်း ဖြစ်ပေါ်သည့် မကျေလည်မှုများ၊ အနာအဆာများကို အထူးဂရုပြုအချိန်ပေး ကုစားရန်လိုပေသည်။

အခါတော်တော်များများတွင် မျက်နှာနာစရာဖြစ်မည်၊ အချိန်မရှိဟူသည့် အကြောင်းပြချက်များဖြင့် နေ့ရွှေ့ညရွှေ့နေတတ်ကြပြီး လုံးဝ ပြိုကွဲခါနီးအချိန်မှသာလျှင် မျက်ပြူးဆန်ပျာ ဖုတ်ပူမီးတိုက် ကုစားတတ်ကြသည်။

နှစ်ကာလများစွာကတည်းကဖြစ်နေသည့် အနာတစ်ခုကိုအချိန်လွန်မှ ကုသရန်ခက်သကဲ့သို့ပင် အက်ရုံမက ကွဲနေပြီဖြစ်သည့်အဖွဲ့အစည်းအတွင်းက ဆက်ဆံရေးများကိုပြန်လည်ကုစားရန်လည်း ခက်ခဲလေ့ရှိသည်။

မျက်စိရှေ့တွင်ပင် အက်နေသည့်ကွဲနေသည့် ပြိုလဲမတတ်ဖြစ်နေသည့် နယ်ပယ်စုံက အဖွဲ့အစည်းများကိုတွေ့မြင်နေရသည်။

သို့သော် ယင်းအနာကိုအရေးတကြီး ချက်ခြင်း ကုစားရန်တွန့်ဆုတ်နေဆဲဖြစ်သည်။

ယင်းအလေ့ကိုအမြန်ဆုံး စွန့်ပစ်ကြရန်ပြောလိုရင်းဖြစ်သည်။

အယ်ဒီတာ

(ဇန်န၀ါရီ ၁၆၊ ၂၀၁၅)