အကျဉ်းသားများကို ငါးဖမ်းသင်္ဘောများသို့ ပို့ခြင်း ရပ်တန့်ရန် ထိုင်းအစိုးရ ဆုံးဖြတ်

0
744
Dawei Watch, Dawei News, Dawei News Media

အလုပ်သမားနှင့် လူ့အခွင့်အရေး လုပ်ဆောင်ပေးနေသည့် အဖွဲ့ ၄၀ ကျော်က ထိုင်းနိုင်ငံ ပင်လယ်တွင်းရှိ ငါးဖမ်းလှေများပေါ် အလုပ်လုပ်ကိုင်ရန် အကျဉ်းသားများကို စုဆောင်းနေသည့် စီမံကိန်းကို ရပ်တန့်ရန် တောင်းဆိုပြီးနောက် ယင်းစီမံချက်ကို ထိုင်းအစိုးရက ရပ်တန့်လိုက်ပြီဖြစ်ကြောင်း ဘီဘီစီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

_80382904_025183954-1
ထိုင်းငါးဖမ်းလှေ တစ်စီး

ကျေးကျွန်ကဲ့သို့ ခိုင်းစေခံရသဖြင့် နာမည်ပျက်များနေရသော  ထိုင်းငါးဖမ်း လုပ်ငန်းအတွင်းရှိ လုပ်ငန်းရှင်များနှင့် ဆွေးနွေးပြီး ထိုသို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။

ထိုင်းအာဏာသိမ်း ဝန်ကြီးချုပ် ပရာယု အိုချန်ချာသို့ လိပ်မူထားသည့် စာတွင် အလုပ်သမားနှင့် လူ့အခွင့်အရေး အဖွဲ့များက ယင်းစီမံကိန်းသည် ငါးလုပ်ငန်းတွင်ဖြစ်ပွားနေသည့် ပြဿနာများကို အဆုံးသတ်စေမည်မဟုတ်ဘဲ အကျဉ်းသားများ၏ အခွင့်အရေးကိုသာ ပိုမို ချိုးဖောက်နေခြင်းဖြစ်သည်ဟု ပြောဆိုထားသည်။

ကမ္ဘာ့တတိယအကြီးဆုံး ပင်လယ်စာ တင်ပို့နေသည့် ထိုင်းနိုင်ငံ၏ ငါးဖမ်းလုပ်ငန်းသည် လုပ်သားရှားပါးမှုနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။

ယင်းလုပ်ငန်းတွင် လုပ်ကိုင်နေသည့် သုံးသိန်းကျော်သော လုပ်သား အများစုမှာ အိမ်နီးနားချင်းနိုင်ငံများမှ တရားမဝင် ရွှေ့ပြောင်းလုပ်သားများဖြစ်ပြီး ရံဖန်ရံခါ မချေမငံဆက်ဆံခြင်း ခံရသူများဖြစ်သည်။

ထိုင်းတွင် လုပ်သားရှားပါးခြင်းကြောင့် လူကုန်ကူးမှုနှုန်းပိုများလာသည်ဟုလည်း ဆိုသည်။

“တဖက်လှည့်ဖြင့် အကျဉ်းသားများအား လွှတ်ပေးဟန်ဖြင့် ရွှေ့ပြောင်းလုပ်သားများ နေရာတွင် အစားထိုးခြင်းအားဖြင့် ဆိုးဝါးသည့် အလုပ်ခွင်အခြေအနေကို ပိုမိုကောင်းမွန်အောင် လုပ်နိုင်မည် မဟုတ်ဘဲ ထိုင်းငါးဖမ်းလုပ်ငန်းတွင် အခြားပြဿနာများကိုပါ ဖြစ်စေလိမ့်မယ်” ဟု ထိုစာတွင် ရေးသားထားသည်။

ထိုင်းအလုပ်သမား ဝန်ကြီးဌာနသည် ထောင်ဒဏ်တစ်နှစ်အောက်သာ ကျန်ရှိတော့သည့် အကျဉ်းသားများအား ငါးဖမ်းလှေများတွင် အလုပ်လုပ်ရန် စေလွှတ်သွားမည်ဟု ပြီးခဲ့သည့် ဒီဇင်ဘာလက ကြေညာခဲ့သည်။

ယင်းအစီအစဉ်အရ လက်ရှိ အကျဉ်းကျနေဆဲ အကျဉ်းသားများအား စေလွှတ်သွားမည် မဟုတ်ဘဲ စမ်းသပ် အစီအစဉ်အရ အကျဉ်းသားဟောင်းများ အလုပ်ရှာဖွေပေးရန်၊ အလုပ်သမား ပြတ်လပ်မှုကို ဖြည့်တင်းရန်နှင့် လူကုန်ကူးမှုကို တားဆီးရန် ရည်ရွယ်သည်ဟု ဆိုသည်။

ယင်းကြောင့် စမွတ်ပရာကန်နယ်ရှိ ငါးဖမ်းလှေများတွင် အကျဉ်းသား ၁၇၀ ကျော် စတင်အလုပ်လုပ်နေပြီဖြစ်ကြောင်းလည်း ယင်းဌာနက ကြေညာလိုက်သည်။