ဘာမှန်းမသိသော စာ

0
999

ထားဝယ်မြို့ကြီးက အလယ်က နိုင်လွန်ကတ္တရာလမ်းကြီးနဲ့ ဆိုတော့ တကယ့်ကို ဂုဏ်ယူစရာပေါ့ဗျာ။ အစိုးရမင်းများကိုလည်း ကျေးဇူးတင်စရာ ပေါ့ လေ။ အဲဒီနိုင်လွန်ကတ္တရာလမ်းကြီးက လေဆိပ်ကို သွားတာကိုး။ လေဆိပ်ကနေ မြို့ထဲဝင်လာတဲ့ ဧည့်သည်တွေ အတွက် အဆင်ပြေအောင် လုပ်ထားတာပေါ့။

အဲ . . .  လေဆိပ်ဆိုလို့ ပြင်ထားတာ လက်လက်ကို ထလို့။ အင်တာနက်ကလည်း အလကားလည်း လွှတ်ပေးထားသေး။ အချို့တွေအပြောအရဆိုရင် လိုင်းကလည်းတော်တော်မြန်တယ်ဆိုပဲ။

အော်ကိုယ့်မြို့ကို လေယာဉ်ပျံစီး ဈာန်နဲ့ ပျံလာမယ့် ဧည့်သည်တွေအတွက် လုပ်ထားတာ စိတ်ချမ်းသာစရာပေါ့။ အဲကိုယ့်မြို့ကိုဆိုလို့ အခုတလော ခရီးသွားတော်တော်လာတယ် မဟုတ်လားဗျ။ လေယာဉ်ပျံနဲ့ မကဘူး။ ကားတွေ၊ ကားတွေ၊ ဘုရားဖူးကားတွေနဲ့ လာကြတာ။

အဲကားဆိုလို့ လေဆိပ်လိုကော ကားဝင်းကြီးက ဘယ့်နှယ်နေပါလိမ့်ဗျာ။

အားလားလား ပြင်ထားလိုက်တာ၊ အဲယောင်လို့ ပစ်ထားလိုက်တာ။ ဖုန်တစ်ထောင်းထောင်း၊ အမှိုက်တလောင်းလောင်း၊ ဈေးဆိုင်တွေ ကားဂိတ်တွေကလည်း ညစ်ပတ်။

ဘာ . . . နိုင်လွန်ကတ္တရာခင်းထားလား ဟုတ်လား။ ကားဝင်းထဲမှာလည်း လကမ္ဘာလိုမျက်နှာပြင်နဲ့ နိုင်လွန်ဖို့ မပြောနဲ့ ကတ္တရာလမ်းတောင်မရှိ။ ဘာမှလည်း မခင်းထား၊ လမ်းခင်းကျောက်တွေ ထိုးထိုးထောင်ထောင်နဲ့။

တခါတော့ သတင်းထဲမှာ ဖတ်လိုက်ရလားလို့ ကားဝင်းပြင်မယ်ဆိုတာ။ နှစ်တောင်ပေါက်လောက်ပြီ အခုထိ အဲဒီအတိုင်း။

အေးပေါ့ဗျာ၊ ဈာန်နဲ့လာတဲ့သူတွေ ဆိုက်တဲ့နေရာမဟုတ်တော့ ထုံးစံအတိုင်းပေါ့။ အစိုးရမင်းများလည်း ဈာန်နဲ့ပဲသွားနေလာနေကြတယ်ဆိုတော့ လေဆိပ်ပဲ ကောင်းကောင်းပြင်မှာပေါ့။ ဈာန်လျှောနေတဲ့သူတွေ အတွက်ကကြတော့ ဖုန်ထူ ကျောက်ထ ညစ်ပတ်နေတဲ့ ကားဝင်း သုံးပေါ့ဗျာ။ တာဝန်ရှိသူတွေ ပြင်ဦးလွင်လေးဘာလေးရောက်ရင် အဲဒီမြို့သေးသေးလေးမှာ ဘယ်လို ကားဝင်းဆောက်ထားလဲ သွားကြည့်လိုက်ပါဦးလို့ တာဝန်ရှိသူများကို လောဆော်ချင်ပါ့ဗျာ။

အဲဒီ တာဝန်ရှိသူများလည်း ဈာန်နဲ့ပဲပျံ မနေနဲ့၊ ကားလည်းစီးကြည့် ဦး။ လူတောထဲ ၀င်ဦးလို့။ အဲ . . .  ရွေးကောက်ပွဲနီးမှတော့ အာရွီးညာရွီး မလုပ်ကြနဲ့ပေါ့ဗျာ။

ဖစု