မွန်ဈေးကွက်ရှိ ဆိုးဆေးပါ ငါးပိတချို့ ဆက်မရောင်းရန် တားမြစ်

0
909

မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ဈေးများတွင် ရောင်းချနေသည့် ငါးပိများအနက် စားသုံးရန် မသင့်သည့် ဆိုးဆေးသုံးစွဲထားသည့် ငါးပိ ၃ မျိုးကို ဆက်လက် မရောင်းချရန် ဆိုင်ပိုင်ရှင်များကို ခံဝန်ကတိ လက်မှတ်ရေးထိုးစေခဲ့သည်ဟု မွန်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနခွဲမှ တာဝန်ခံ ဦးစီးအရာရှိ ဒေါက်တာစိုးနိုင်က ပြောသည်။

အထက်ပါ ဌာနမှ ဦးဆောင်ပြီး ဇန်န၀ါရီလ ၆ ရက်နေ့က မော်လမြိုင်မြို့ အမှတ် ၁ ဈေး ( အောင်ဈေး) နှင့် ဈေးသစ် (ကုန်စိမ်းဈေး) တို့တွင် အစားအသောက်နှင့် အလှကုန် ပစ္စည်းများ စစ်ဆေးခဲ့ကြောင်း သိရသည်။

“အစားအသောက် ၅၁ မျိုးစစ်ဆေးမှုပြုလုပ်ခဲ့တယ်၊ အဲမှာ ငါးပိက ၁၂ မျိုး စစ်ဆေးတဲ့အခါမှာ ၃ မျိုးက ဆိုးဆေးသုံးစွဲထားတာကို စစ်ဆေး တွေ့ရှိရတယ်”ဟု ဒေါက်တာစိုးနိုင်က ပြောသည်။

၎င်းပြင် အလှကုန်ပစ္စည်း ၂၀ မျိုးကို စစ်ဆေးရာတွင်လည်း ၄ မျိုးသည် သုံးစွဲရန်မသင့်ဟု သံသယဖြစ်ဖွယ် တွေ့ရှိခဲ့ပြီး အတည်ပြုနိုင်ရန်အတွက် နေပြည်တော်သို့ပေးပို့ကာ ထပ်မံစစ်ဆေးမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း ယင်းဌာနမှ ပြောသည်။

စစ်ဆေးမှုကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန၊ စားသုံးသူကာကွယ်ရေး ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် ဈေးကော်မတီဝင်များပူးပေါင်းပြီး အဖွဲ့နှစ်ဖွဲ့ဖြင့် ပြုလုပ်ခဲ့သည်။